ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ သစ်တောစိုက်ခင်းများအား ကြည့်ရှုစစ်ဆေး

   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖေါ်ဝါရီလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ ကိုးကွေ့ကြိုးဝိုင်း၊ အကွက်အမှတ်(၂) (၃)ရှိ (၃/၂၀၂၃) ကျေးရွာသုံး ထင်းစိုက်ခင်း (၅၀) ဧကသို့ရောက်ရှိရာ စိုက်ခင်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ခရိုင်နှင့်မြို့နယ် သစ်တောလုပ်ငန်းဆောင်ရွက်နေမှုနှင့်စိုက်ခင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက ကျေးရွာနေပြည်သူများ ထင်းလိုအပ်ချက်အတွက် သဘာဝတောအားမှီခိုနေရမှုကိုလျော့ချရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းသာယာစေရန် ကျေးရွာသုံးထင်းစိုက်ခင်းများကို တည်ထောင်ပေးလျက်ရှိကြောင်း၊ သစ်တောစိုက်ခင်းများ အောင်မြင်စေရန် မျိုးကောင်းမျိုးသန့် သစ်စေ့များကြိုတင် စုဆောင်းပျိုးထောင်ရေး၊ (၂)ပေအထက် ကြံခိုင်သန်စွမ်းသော ပျိုးပင်များရရှိရေး၊ မိုးစတင်ရွာပြီးနောက် မြေအစိုဓာတ်ကောင်းစွာရရှိချိန်တွင် မြေချစိုက်ပျိုးနိုင်ရေး၊ တစ်ပင်စိုက်တစ်ပင်ရှင်အောင် ပြုစုစောင့်ရှောက်ရေးတို့အား လုပ်ငန်းအဆင့်ချင်းအလိုက် စိုက်ခင်းလုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ စိုက်ခင်းတည်ထောင်ခြင်းနှင့်အတူ သဘာဝတောများ ထိန်းသိမ်းကာကွယ်ရေး၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းနှင့် တစ်အုပ်တစ်မသစ်တောအုပ်များဖြစ်အောင် စိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားပြီး ကျေးရွာသုံးထင်းစိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြိုင်သာယာ အဆိုပြုကြိုးပြင်ကာကွယ်တောအတွင်းစိုက်ပျိုးထားသော(၂/၂၀၀၉)အထူးစိမ်း တောထိန်းကွက်လပ်ဖြည့် စိုက်ပျိုးခြင်း အပင် (၆၀၀၀) နှင့် တောင်နီတောင် သဘာဝတောထိန်းဧရိယာအတွင်း စိုက်ပျိုးထားသော ၂၀၁၈ ခုနှစ် အထူးစိမ်းကွက်လပ်ဖြည့်စိုက်ပျိုးခြင်း အပင် (၃၀၀၀) ၏ ရှင်သန်မှုနှင့် ထိန်းသိမ်းဆောင်ရွက် ထားမှုအားလည်းကောင်း၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သော ညောင်ဦးမြို့နယ်ရှိ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်းဇုန် (၄) သစ်မျိုးစုံစိုက်ခင်း (၆၀၀)ဧကအတွင်း စီမံကိန်းဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများအားလည်းကောင်း လှည့်လှည်ကြည့်ရှု စစ်ဆေးသည်။

   နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့၊ နဘူးတောသစ်တောပျိုးဥယျာဉ်အတွင်း လူထုဖြန့်စိုက်ပျိုးရန် သစ်မျိုး(၁၆)မျိုးဖြင့် ပျိုးပင်(၆၀,၀၀၀)ကျော် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့နယ်၊ ပလင်းကမ်းသာယာဆင်စခန်းသို့ ရောက်ရှိပြီး ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆင်ပြတိုက်အတွင်း ပြသထားမှုတို့အား ကြည့်ရှုစစ်ဆေးသည်။

  ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်၊ နတ်ကန်ဦးကြိုးပြင်ကာကွယ်တောရှိ အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်း Greening Complex Zone ဧရိယာ အတွင်း စိုက်ပျိုးထားသော (၂/၂၀၂၂) ဖြည့်စွက်အထူးစိမ်းစိုက်ခင်း အပင် (၁၁,၀၀၀)၏ ရှင်သန်အောင်မြင်မှု အား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် စီမံကိန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ နှစ်အလိုက်ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  စီမံကိန်းကာလ ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးခဲ့သော အပင်များမှာ အမြင့်ဆုံးပေ(၂၀) ကျော်နှင့် ပျမ်းမျှအမြင့် (၁၅) ပေကျော်ရှိကြောင်း၊ ယခုကဲ့သို့ အောင်မြင်ရခြင်းမှာ ဒေသနှင့်ကိုက်ညီသော သစ်မျိုး မှန်ကန်စွာရွေးချယ်မှု၊ မြေအတန်းအစားအပေါ်မူတည်၍ မြေဩဇာဖြည့်ဆည်းပြုပြင်မှု၊ အပူပိုင်းခြောက် သွေ့ရာသီဥတုတွင် အပင်အတွက်လိုအပ်သော ရေအစိုဓာတ်ပမာဏ လုံလောက်စွာရရှိအောင် ဆောင်ရွက် ပေးမှု၊ ကျင်းတူးနည်းစနစ်နှင့် စိုက်ပျိုးနည်းစနစ်များ ကောင်းမွန်မှု၊ အဆင့်ဆင့်ကြီးကြပ်သော ဝန်ထမ်းများ၏ တာဝန်ကျေပွန်မှုများကြောင့်ဖြစ်ကြောင်း၊ နှစ်အလိုက်စိုက်ပျိုးခဲ့သောသစ်မျိုး၊ မြေအတန်းအစား၊ ရေလိုအပ်ချက်နှင့် စိုက်ပျိုးနည်းစနစ်များ သုတေသနပြုလုပ်ပြီး ရရှိလာသော ရလဒ်များကို အခြေခံ၍ အခြားဧရိယာများတွင်လည်း အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် အပူပိုင်းဒေသများတွင် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေပြီး အများပြည်သူ အပမ်းဖြေ စရာသဘာဝပတ်ဝန်းကျင်ကောင်းများ ရရှိစေနိုင်မည့်အပြင် ရာသီဥတုပြောင်းလဲမှုကိုလည်း လျော့ကျစေနိုင်မှာဖြစ်သည့်အတွက် ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

   ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းဧရိယာအတွင်း စိုက်ပျိုးထားသော အထူးစိမ်း(၃၅၀၀) ပင်၏ ရှင်သန်အောင်မြင်မှု အခြေအနေအားလည်းကောင်း၊ အပူပိုင်းဒေသ ရေဝေရေလဲဧရိယာများအတွက်အရေးကြီးသော (၁/၂၀၂၃)ရေဝေရေလဲစိုက်ခင်း (၇၅)ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေအား လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။