GIS ကိုင်တွယ်အသုံးချခြင်း၊ Global Mapper နှင့် ArcGIS Software များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းသင်တန်း”ကျင်းပ

     သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် ကိုရီးယားနိုင်ငံ၊ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization – AFoCO)၏ ရန်ပုံငွေအထောက်အပံ့ဖြင့် “သစ်တောမှီခိုနေထိုင်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)”ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ (၄)နှစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုကို အထောက်အကူပြုစေရေးနှင့် သစ်တောဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားစေရေးအတွက် သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးတွင် ၁၇-၂-၂၀၂၄ ရက်နေ့မှ ၂၁-၂-၂၀၂၄ ရက်နေ့အထိ ကွန်ပျူတာကိုင်တွယ်အသုံးပြုလျက်ရှိသော သစ်တောဝန်ထမ်း (၂၀) ဦးဖြင့် ဖွင့်လှစ်ပို့ချမည့် GIS ကိုင်တွယ်အသုံးချခြင်း၊ Global Mapper နှင့် ArcGIS Software များ အသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

        အခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဒေါက်တာသောင်းနိုင်ဦးက အွန်လိုင်းမှတစ်ဆင့် သင်တန်းဖွင့်ဩဝါဒစကားပြောကြားခဲ့ပြီး သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးတင့်ခိုင်၊ သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး၊ ဦးချစ်ဦး (၂) နှင့်တကွ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ သင်တန်းဆရာများ၊ သင်တန်းသားများ အပါအဝင် စုစုပေါင်း (၃၄)ဦးတို့ ပါဝင်တက်ရောက်လျက် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။