မြန်မာ-တရုတ် နှစ်နိုင်ငံ ဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

    မြန်မာ-တရုတ် နှစ်နိုင်ငံဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဥက္ကဋ္ဌ-၁ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဥက္ကဋ္ဌ-၂ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။

     ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်‌‌ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသအတွင်း hotspot အရေအတွက်နှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေးအတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံသဘောတူ ညီချက်ကို ၂၀၀၃ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပြီး မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းစေရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်နီးချင်း တရုတ်နိုင်ငံနှင့်လည်း နှစ်နိုင်ငံ အစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်နိုင်ရန်အတွက် ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက် (၅)ချက်အပေါ် တိုင်းဒေသကြီး/ပြည်နယ်များ အလိုက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် တောမီးလောင်ကျွမ်းမှု ကာကွယ်ရေး၊ တောမီးငြိမ်းသတ်ရေး နှင့် ကယ်ဆယ်ရေးဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေး၊ တောမီးအန္တရာယ် တားဆီးထိန်းချုပ်ရေး လုပ်ငန်းများ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ ချမှတ်နိုင်ရန် ကဏ္ဍအလိုက် ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

     ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ-၁၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နှစ်စဉ်တောမီး လောင်ကျွမ်းမှုကြောင့် စိုက်ပျိုးသီးနှံနှင့်မြေဆီလွှာပျက်စီးမှု အခြေအနေများ၊ တောမီးလောင်ကျွမ်းမှုကို အဓိကဖြစ်ပေါ်စေသော ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်ရေးအတွက် အသိပညာပေးခြင်းနှင့် လက်တွေ့ အသုံးချ ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာ-တရုတ် နယ်စပ်တစ်လျောက်ရှိ တောင်သူများအား အသိပညာပေးခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအား အသုံးပြု၍ သဘာဝဓာတ်မြေဩဇာ၊ ဇီဝ လောင်စာ၊ ဇီဝဓာတ်ငွေ့ စသည်ဖြင့် ပြန်လည်အသုံးချနိုင်ရေးအတွက် နည်းပညာနှင့် စက်ပစ္စည်းကိရိယာများ အကူအညီပေးရေး၊ နယ်စပ်ဒေသနေပြည်သူများ၏  ယာမီးရှို့မှုစနစ် ပပျောက်စေရေးအတွက် စိုက်ပျိုးရေး နှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

     ဒုတိယဥက္ကဋ္ဌ-၂ ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက တောမီးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးမှုများမှ ကာကွယ်ရန်နှင့် လျော့နည်းသက်သာစေရန် အစီအမံများရေးဆွဲသွားရေးနှင့် ကော်မတီဝင် များက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားရမည့် အခြေအနေများ၊ မီးဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသည့် ပြည်သူများအတွက် ထောက်ပံ့ ကူညီမှုများ၊ သဘာဝဘေး အသိပညာပေးလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

     ဆက်လက်၍ ကော်မတီအတွင်းရေးမှုးက လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရနှစ်ခုအကြား တောမီး လောင်ကျွမ်းမှု ကာကွယ်ရေးနှင့် ငြိမ်းသတ်ရေးဆိုင်ရာလုပ်ငန်းအဆင့် အွန်လိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက မိမိတို့ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် အစီအမံများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတင်ပြကြသည်။

    အစည်းအဝေးတွင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် မီးငြိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန်နှင့် Contact Person ထားရှိရန်၊ မီးဘေးအန္တရာယ် ကာကွယ်ခြင်းနှင့် ပတ်သက်သည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် နည်းပညာဆိုင်ရာ သင်တန်းများအား ပူးပေါင်းဆောင်ရွက်ရန်နှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ နယ်စပ် ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လေ့လာဆန်းစစ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို ပြင်ဆင်ဖြည့်စွက်ရန် အချက်များအား ဆွေးနွေးဆုံးဖြတ်ခဲ့သည်။