အပူပိုင်းဒေသပျိုးဥယျာဉ်တည်ထောင်ခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ်(၈) ဖွင့်လှစ်

  အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန တိုင်းဒေသကြီးအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော တောခေါင်း၊ တောကြပ် ကွင်းဆင်းဝန်ထမ်း (၃၀)ဦး တို့အား ညွှန်ကြားရေးမှူးချုပ်ရုံး၌ အပူပိုင်းဒေသပျိုးဥယျာဉ်တည်ထောင်ခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ်(၈)ကို ၆-၃-၂၀၂၄ မှ ၁၁-၃-၂၀၂၄ ရက်နေ့ထိ (၆)ရက်ကြာဖွင့်လှစ်ပို့ချရာတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။

   အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် စိုက်ခင်းတည်ထောင်ခြင်း လုပ်ငန်း ကို အပူပိုင်းမိုးနည်းရပ်ဝန်းဒေသနေ ပြည်သူလူထုအား ထင်းလောင်စာ၊ တိုင်၊ မျော၊ လယ်ယာသုံးကိရိယာများ ဖြည့်ဆည်းနိုင်ရန်၊ ဆည်/ကန်နှင့် မြစ်/‌ချောင်းများရဲ့ ရေဝေရေလဲ ဒေသများ ထိန်းသိမ်းနိုင်ရန်၊ တောင်စဉ်တောင်တန်းများ စိမ်းလန်းစိုပြည် သာယာလှပစေရန်၊ ဒေသစိမ်းလန်းစိုပြည်ရေးအထောက်အကူပြုစေရန်နဲ့ အပူပိုင်းဒေသ စိုက်ခင်းလုပ်ငန်းများအား အထောက်အကူပြုမည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် အစရှိတဲ့ ရည်ရွယ်ချက်များနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောစိုက်ခင်းများ အောင်မြင်စေရန် အတွက် အောင်လုံသန်စွမ်းပြီး အရည်အသွေးပြည့်မီသော ပျိုးပင်များနှင့် စိုက်ပျိုးနိုင်မှသာလျှင် အောင်မြင်သည့် စိုက်ခင်းတစ်ခု ရရှိမည်ဖြစ်ပါကြောင်း၊ သစ်မျိုးရွေးချယ်ရာတွင်လည်း ဇီဝရူပ လက္ခဏာများအရ ဒေသ၊ ရာသီဥတုနှင့် လိုက်လျောညီထွေရှိလျက် ရှင်သန်ကြီးထွားနိုင်သော သစ်မျိုးများကို ရွေးချယ်နိုင်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ဒေသခံပြည်သူလူထုရဲ့ လိုအပ်ချက်ကို အမှန်တကယ် ဖြည့်ဆည့်ပေးနိုင်တဲ့ သစ်မျိုးများ ရွေးချယ်နိုင်စေရန်နှင့် အပူပိုင်းဒေသ၏ ဂေဟစနစ်ကို ပိုမိုတိုးတက်ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်သော သစ်မျိုးများ ရွေးချယ်တတ်စေရန် အထူးအရေးကြီးပါကြောင်း၊ အပူပိုင်းဒေသ သစ်တောပျိုးဥယျာဉ် တည်ထောင်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Standard Operating Procedures for Forest Nursery Establishment in Dry Zone) မှာ ပြဌာန်းထားသည့်အတိုင်း သစ်တောပျိုးဥယျာဉ်တည်‌ထောင် ခြင်းလုပ်ငန်း၏ အဓိကရည်ရွယ်ချက်မှာ သတ်မှတ်အချိန်ကာလအတွင်းမှာ သင့်တင့်မျှတသော ကုန်ကျစရိတ်ဖြင့် အောင်လုံသန်စွမ်းပြီး အရည်အသွေးပြည့်မီသည့် ပျိုးပင်တွေကို လိုအပ်ချက်နှင့်အညီ စနစ်တကျပျိုးထောင်ထုတ်လုပ်နိုင်ရန်ဖြစ်ပါသဖြင့် ဌာနဝန်ထမ်းအဆင့်ဆင့်က ပျိုးဥယျာဉ်လုပ်ငန်းများဆိုင်ရာ လုပ်ငန်းစဉ်အလိုက် ကောင်းစွာနားလည်သဘောပေါက်၍ စနစ်တကျစီမံဆောင်ရွက်နိုင်ရန် အပူပိုင်းဒေသ ပျိုးဥယျာဉ်တည်ထောင်ခြင်းဆိုင်ရာ သင်တန်းမှတ်စဉ်(၈)ကို ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားမြွက်ကြား၍ သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နှုတ်ဆက်စကား ပြောကြားခဲ့သည်။