မြန်မာ့ကြိမ်နှင့် ဝါးအခန်းကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

  မြန်မာ့ကြိမ်နှင့် ဝါးအခန်းကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို (၈-၃-၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် AFoCO RETC သင်တန်းကျောင်း၊ မှော်ဘီမြို့တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

    ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေမည့် မြန်မာ့ကြိမ်နှင့် ဝါးအခန်းကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ပတ် သက်သူများအားလုံးကိုဖိတ်ကြားပြီး ကြိမ်နှင့် ဝါးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေသူများအချင်း ချင်းအတွေ့အကြုံများ ဖလှယ်နိုင်ရန်၊ ကြိမ်နှင့်ဝါး ထုတ်ကုန်ပစ္စည်းများ စဉ်ဆက်မပြတ် ထုတ်လုပ်ပြီး ပြည်တွင်း/ ပြည်ပရောင်း ဝယ်မှုပြုလုပ်နိုင်ရန် အရည်အသွေးမီကုန်ကြမ်းများ ရေရှည်ရရှိနိုင်ရန်လိုအပ်ပါကြောင်း၊ အရည်အသွေးမီ ကြိမ်နှင့်ဝါးကုန်ကြမ်းများ စဉ်ဆက်မပြတ် ရရှိရန်အတွက် သဘာဝတောများမှရနိုင်သည့် ကြိမ်နှင့် ဝါးကုန်ကြမ်းများကို စနစ်တကျထုတ်ယူ သုံးစွဲသည့်နည်းအပြင် စိုက်ခင်းများတည်ထောင်ပြီး စနစ်တကျ ပြုစုထိန်းသိမ်းထုတ်ယူသုံးစွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကြိမ်နှင့် ဝါးစိုက်ခင်းများ တည်ထောင်သည့်နေရာတွင်လည်း မြေနေရာ ရရှိနိုင်မှု၊ ရင်းနှီးမြှပ်နှံရန် ငွေကြေးအရင်းအနှီး၊ စိုက်ခင်းဆိုင်ရာပျိုးထောင်၊ စိုက်ပျိုး၊ ပြုစုသည့် လုပ်ငန်းများအတွက် နည်းပညာများလည်း လိုအပ်ချက်များရှိလာမှာဖြစ်သည့်အတွက် ယခု အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်း ပြောကြားလိုကြောင်း ပြောကြားသည်။

   အလုပ်ရုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။