ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်ရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များအားသွားရောက်ကြည့်ရှုစစ်ဆေး

         သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အတူ မတ်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်း တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်ရှိ ဟောင်လိတ် သစ်တောပျိုးဥယျာဉ် သို့ ရောက်ရှိရာ တာဝန်ရှိသူများက ခရိုင်နှင့်မြို့နယ်သစ်တောဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက တာချီလိတ်ခရိုင်၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၁၅ ခုနှစ်တွင် ၆၇.၃၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၈၉.၆၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း၊ ရွက်အုပ်ပိတ်တောအနေဖြင့် ၄၀.၉၂ ရာခိုင်နှုန်းအထိ တိုးတက် လာသည်ကို တွေ့ရှိရကြောင်း၊ တည်ရှိနေသော သစ်တောများအား ရေရှည်တည်တံ့အောင် ကာကွယ် ထိန်းသိမ်းရေး၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ တရားမဝင်သစ် တားဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်၊ ပျိုးဥယျာဉ်များတွင် ၂ ပေ အထက်ပျိုးပင် များ စဉ်ဆက်မပြတ်ရရှိရေးနှင့် စိုက်ပျိုးသော အပင်များ တစ်ပင်စိုက် တစ်ပင်ရှင်အောင် ကြိုးပမ်းဆောင် ရွက်သွားရန် မှာကြားပြီး ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲများနှင့် လူထုဖြန့်စိုက်ပျိုးခြင်းများအတွက် ပျိုးပင် ၇၂,၀၀၀ ပျိုးထောင်ထားရှိမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

         ဆက်လက်၍ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို တာချီလိတ်မြို့၊ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှုးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှုးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာပေယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၃၀၀ ကျော်တက်ရောက်သည်။

        ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးအတွက် ဆက်စပ်ဌာနများနှင့် ဒေသခံပြည်သူများ ပေါင်းစပ် ဆောင်ရွက်နိုင်ရန်အတွက် ယခုတွေ့ဆုံပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း၊ မီးခိုးမြူငွေ့နှင့် လေထု ညစ်ညမ်းမှုကို ဖြစ်စေသော မီးလောင်ကျွမ်းမှုများသည် ပွင့်လင်းရာသီတွင် ဖြစ်ပေါ်မှု အများဆုံးဖြစ်ပါ ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးစေသည့်အပြင် လူသားများ၏ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သည့်အတွက် တောမီးကာကွယ်ခြင်း၊ ရိုးပြတ်များနှင့် စိုက်ပျိုးရေး စွန့်ပစ်အမှိုက်များအား မီးမရှို့ဘဲ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုခြင်း၊ ရွှေ့ပြောင်း တောင်ယာ မီးရှို့ခြင်းအား အခြားစိုက်ပျိုးရေးနည်းစနစ်များဖြင့် အစားထိုးအသုံးပြုခြင်း၊ ပေါ့ဆမီးလောင်မှု မဖြစ်ပွား စေရေးအတွက် ကြိုတင်ကာကွယ်ခြင်းများကို သက်ဆိုင်ရာဌာနများနှင့် ဒေသခံများ ပူးပေါင်း ဆောင်ရွက် သွားရေးသည် အထူးအရေးကြီးပါကြောင်း၊ လေထုအရည်အသွေး ညွှန်းကိန်းများအရ ခရမ်းရောင်အဆင့် နှင့် ကြက်သွေးရောင်အဆင့်များသည် ကျန်းမာရေးကို အလွန်ထိခိုက်စေနိုင်သည့်အတွက် မီးခိုးမြူငွေ့ ဖြစ်ပေါ်စေသော မီးလောင်ကျွမ်းမှု Fire Hotspot များမဖြစ်ပေါ်စေရန် ကာကွယ်ထိန်းချုပ် သွားကြရမှာ ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် တာချီလိတ်မြို့သည် အနီရောင်အဆင့်ဖြစ်နေသဖြင့် အထူးဂရုပြုရန် လိုအပ်ပါကြောင်း၊ မီးခိုးမြူငွေ့များသည် လေတိုက်ခတ်မှုလမ်းကြောင်းပေါ်မူတည်၍ နိုင်ငံနယ်နိမိတ် ကျော်လွန်လေ့ရှိသဖြင့် ဒေသတွင်းနိုင်ငံများတွင်လည်း ကြိုးစားထိန်းချုပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အာဆီယံ သဘောတူညီချက်တွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ အိမ်နီးချင်း တရုတ်နိုင်ငံနှင့်လည်း တောမီး ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မီးလောင်ကျွမ်းမှု ဖြစ်ပွားစေ သည့်အဓိကအကြောင်းအရင်းများကို ဖော်ထုတ်၍ ကြိုတင်ကာကွယ်ခြင်း၊ ဒေသခံများအား အသိပညာ ပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ဖြစ်ပေါ်မှု ပြဿနာများကိုလည်း ထိန်းချုပ်ဖြေရှင်း နိုင်မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ဒေသခံများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အလေးအနက်ထား တိုက်တွန်းပါကြောင်း ပြောကြားသည်။

          ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ်က လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ ကျန်းမာရေးအပေါ် ထိခိုက်နိုင်မှုများ၊ မြန်မာနိုင်ငံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ မီးလောင်ကျွမ်းမှုအရေအတွက်၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်မှု အခြေအနေနှင့် ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပါဝါပွိုင့်ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။

         ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် နှစ်စဉ်ဖြစ်ပေါ်နေသည့် Fire Hotspot များအား လေ့လာကြည့်ရာ ရှမ်းပြည်နယ်တွင် ဖြစ်ပေါ်မှုမှာ အများဆုံးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ နယ်စပ်ဒေသများတွင် ရွှေ့ပြောင်းတောင်ယာမီးရှို့မှုများအား ထိန်းချုပ်ရန်အတွက် ရွှေ့ပြောင်းတောင်ယာ အစား ကုန်းမြင့်လယ်ယာစိုက်ပျိုးမှုကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ တောမီးမရှို့ရေး၊ အမဲလိုက်ရန် မီးမရှို့ရေး၊ စွန့်ပစ်အမှိုက်များ မီးမရှို့ရေးအတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်/ရပ်ကျေး အုပ်ချုပ်ရေးမှူးတို့က အောက်ခြေအထိ ကွင်းဆင်း၍ ဒေသခံများအား အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း၊ တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် မီးလောင်မှု Fire Hotspot အရေအတွက် လျှော့ချနိုင်ရန်နှင့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုကို ထိန်းချုပ်နိုင်ရန်အတွက် ဌာန၊ အဖွဲ့အစည်းနှင့် ဒေသခံများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် လိုကြောင်း၊ ပြည်နယ်/ခရိုင်/မြို့နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီများကလည်း သက်ဆိုင်ရာဌာနအလိုက် ကဏ္ဍအလိုက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြား သည်။ ထို့နောက် ခရိုင်အလိုက် မီးလောင်ကျွမ်းမှုကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက ဆက်စပ် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ တောမီး/တောင်ယာမီးမရှို့ရန် ဒေသန္တရ အမိန့် ထုတ်ပြန်ထားရှိမှု အခြေအနေများ၊ အသိပညာပေးဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားပြီး တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

         မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စုရှိ ဓာတ်သတ္တုလုပ်ကွက်များသို့ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်‌ထောင်စုဝန်ကြီးက ဓာတ်သတ္တုများ တူးဖော်ထုတ်လုပ်ရာတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အနည်းဆုံးဖြစ်စေမည့် Responsible Mining ဖြစ်စေရေး၊ တရားမဝင် သတ္တုတူးဖော်မှုများမရှိအောင် ကာကွယ်တားဆီးရေး၊ သတ္တုတွင်းဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာဆောင်ရွက်ရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သတ္တုအလေအလွင့်မဖြစ်စေရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေးအတွက် Carbon In Pulp (CIP) စက်ရုံတွင် လည်ပတ်ဆောင်ရွက်နေမှု အခြေအနေနှင့် ဓာတ်သတ္တုလုပ်ကွက်များအတွင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။