နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ တတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာ စကားပြောကြား

နေပြည်တော် ၂၃-၁၀-၂၀၁၇

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု့ ဗဟိုကော်မတီ၏ တတိယ အကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၃-၁၀-၂၀၁၇ ရက် နံနက် ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီး ဌာန အင်ကြင်းခန်းမ၌ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှု့ ဗဟိုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ အမြဲတမ်း အတွင်းဝန်များ၊ တပ်မတော်ရေမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ် (၁၁၃/၂ဝ၁၆) ဖြင့် အဖွဲ့ဝင် ၁၉ ဦးပါဝင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၁ဝ) ချက်ချမှတ်ခဲ့ပါကြောင်း၊ ပထမအကြိမ်အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် မတ် ၃ ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၉)ချက်ချမှတ်ခဲ့ပါကြောင်း၊ ဒုတိယအကြိမ် အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် သြဂုတ် ၉ ရက်တွင် ကျင်းပခဲ့ရာ အစည်းအဝေးဆုံးဖြတ်ချက် (၅)ချက်ချမှတ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် စုစုပေါင်း ၁၄ ချက်ရှိပါကြောင်း၊ အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ငါးချက်ရှိပြီး ကျန် ကိုးချက်မှာ ဆောင်ရွက်ဆဲဖြစ်ပြီး အမြန်ပြီးမြောက်အောင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်နှင့် ရည်မှန်းချက်များ အကောင်အထည် ဖော်ရာတွင် အထောက် အကူပြုရန် အတွက် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်(၆)ရပ်ချမှတ်ခဲ့ပါကြောင်း၊ ယင်းအပြင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ကော်မတီများကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ လိုအပ် သည့်ဖွဲ့စည်းမှုတွင် အစိုးရဌာနကိုယ်စားလှယ်များနှင့် ပြင်ပမှပညာရှင်ကိုယ်စားလှယ် များပါဝင်သော ကျွမ်းကျင်မှုအဖွဲ့များ ဖွဲ့စည်းရန်နှင့် ဖွဲ့စည်းဆောင်ရွက် ပြီးပါက မိမိတို့ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ရာတွင် ပိုမိုမြန်ဆန်သွက်လက် လာမည်ဟု မျှော်လင့်ပါကြောင်း။

ပင်လယ်ကမ်းရိုးတန်းဒေသဂေဟစနစ်များသည်ယင်းတို့၏ ဂေဟစနစ် ဝန်ဆောင်မှုများအပါအဝင် အမျိုးမျိုးသော ထုတ်ကုန်ပစ္စည်းများနှင့် မိမိတို့ လူ့ဘောင်လောက၏ လူမှုစီးပွားဘဝကို များစွာအထောက်အကူပြုပေးလျက် ရှိပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP)က ပြုစုတင်ပြ သည့်The Economics of Ecosystems and Biodiversity အစီရင်ခံစာ ဖော်ပြချက်အရ ကမ္ဘာကြီးက လူသားအားလုံးကိုပေးနေသည့် ဂေဟစနစ် ဝန်ဆောင်မှု စုစုပေါင်း၏ သုံးပုံနှစ်ပုံသည် ပင်လယ်နှင့် ကမ်းရိုးတန်း ဂေဟစနစ်များက ဖြစ်သည်ဟုသိရ ပါကြောင်း၊ ထို့ကြောင့် ၂၁ရာစု အစီအစဉ် (Agenda 21)၊ မိမိတို့လိုလားသည့်အနာဂတ်(The Future We Want)၊ ရေရှည်တည်တံ့စေ သည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက် ပန်းတိုင်များ (Sustainable Development Goals) စသည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များနှင့် ရည်မှန်းချက်ပန်းတိုင်များတွင် ပင်လယ်ကမ်းရိုးတန်းသယံဇာတများ ထိန်းသိမ်းရေး၊ ရေရှည် တည်တံ့ရေးနှင့် စနစ်တကျစီမံအုပ်ချုပ်ရေးတို့ကို အလေးထားထည့်သွင်း စဉ်းစားပြီး အကောင် အထည်ဖော်ဆောင်ရွက်နေကြခြင်းဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံ၏ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသသည် ဘင်္ဂလား ပင်လယ်အော်ဒေသ ဂေဟ စနစ်ကြီး (Bay of Bengal Large Marine Ecosystem) တစ်ခုလုံး၏ ငါးပုံတစ်ပုံရှိပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝပြီး ရှည်လျားသည့်ကမ်းရိုးတန်းနှင့် ကျယ်ပြန့်သည့်ပင်လယ်ပြင်၊ ကျွန်းကြီးကျွန်းငယ်ပေါင်း ၈ဝဝ ကျော်ဖြင့် ဖွဲ့စည်းထားသည့် မြိတ်ကျွန်းစု စသည့် မြေပြင်ရေပြင် အခြေအနေများသည် သဘာဝကပေးထားသော နိုင်ငံ၏အဖိုးတန်အမွေအနှစ်ဖြစ်ပါကြောင်း၊EU-IMG အဖွဲ့၏ သုတေသနပြုချက် အရ မြန်မာနိုင်ငံပင်လယ် ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် ဒီရေတောဂေဟစနစ်များမှ ရရှိနေသည့် ကမ်းရိုးတန်းဒေသများကို အကာအကွယ် ပေးခြင်းနှင့် ငါး၊ ပုစွန်တို့ပေါက်ပွားရန် အစားအစာနှင့်နေရာပေးခြင်း စသည့်ဂေဟစနစ် ဝန်ဆောင် မှုနှစ်မျိုး၏ စီးပွားရေးအရတန်ဖိုး (Ecosystem Valuation) တွက်ချက်မှုအနေဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရှိသည်ဟုဆိုပါကြောင်း၊ အဆိုပါတန်ဖိုးများကို ဖော်ပြပြောကြား ရသည့် အကြောင်းမှာ ငွေကြေးတွက်ချက်မှုအရ ဂေဟစနစ်ဝန်ဆောင်မှုတန်ဖိုးများကို သိရှိပြီး အလေးထားကာကွယ်ထိန်းသိမ်းရန်နှင့် သယံဇာတများကို စနစ်တကျ အသုံးပြုသွားကြပြီး အနာဂတ်သားစဉ်မြေးဆက်ကို ဆက်လက်အမွေပေး နိုင်ရန်အတွက် ရေရှည်တည်တံ့သောနည်းဖြင့် စီမံအုပ်ချုပ်လုပ်ကိုင်ကြရန် လိုအပ်ပါကြောင်း။

လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားနည်းချက်များနှင့် အခက်အခဲ များရှိပါက ယင်းပြဿနာများကို ဖြေရှင်းရာတွင် ကြီးကြပ်လမ်းညွှန်ရန်နှင့် ပေါင်းစပ်ညှိနှိုင်း ပေးရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အစည်းအဝေးများကျင်းပခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပခြင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ခြင်း များမှတစ်ဆင့် ဒေသအလိုက် ဖြေရှင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ပိုမိုသိရှိလာခဲ့ပါကြောင်း၊ ပြဿနာများဖြေရှင်းနိုင်ရန်အတွက် ပြီးပြည့်စုံသည့် ပင်လယ်ကမ်းရိုးတန်း ဒေသစီမံအုပ်ချုပ် လုပ်ကိုင်မှု(Management)နှင့် သဘာဝသိပ္ပံ (Natural Science)ဆိုင်ရာအချက်အလက်များကို ပြည့်ပြည့်စုံစုံစုစည်းထားရန် လိုအပ်ပါကြောင်း၊ ထိုသို့သိရှိရန်အတွက် ပင်လယ်ကမ်းရိုးတန်း ဒေသဆိုင်ရာ ပြီးပြည့်စုံသည့် ဆန်းစစ်လေ့လာမှုလုပ်ငန်းကို အချိန်ကာလအလိုက်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် တက်ရောက်လာသည့် ဝန်ကြီးဌာနများ နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အသီးသီးက သတင်းအချက်အလက်များကို ပေါင်းစပ် စုစည်းပြီး တစ်နိုင်ငံလုံးအတွက် ပင်လယ်ကမ်းရိုးတန်းဒေသ သတင်းအချက်အလက် စီမံခန့်ခွဲမှု စနစ်တစ်ခုတည်ထောင်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း။

လွန်ခဲ့သည့် ၂ဝ၁၅ ခုနှစ်က"Bay of Bengal Large Marine Ecosystem Project" က ထုတ်ဝေသော လက်ကမ်းစာစောင်တစ်ခုတွင် မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသ၌ လူတို့ကြောင့် သဘာဝသယံဇာတများ ဆုံးရှုံးပျက်စီးခြင်း (Human impacts lead to degradation and depletion of natural resources) ဆိုသည့် ခေါင်းစဉ်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသများ တွင်ဖြစ်နေသည့် ပြဿနာများကိုဖော်ပြထားပါကြောင်း၊ အဆိုပါ အချက်များမှာ ငါးအလွန်အကျွံ ဖမ်းဆီးခြင်းနှင့် အပျက်အစီးများပြားသည့် နည်းလမ်းများ အသုံးပြု၍ ငါးဖမ်းဆီးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများနှင့် ရေဆိုးများထုတ်လွှတ် ခြင်း၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကြောင့် ရေထုညစ်ညမ်းခြင်း၊ လူနေအိမ်ခြေ နှင့် စက်မှုလုပ်ငန်းများမှ ရေဆိုးများထုတ်လွှတ်ခြင်း၊ နိုင်ငံခြားပို့ကုန်အတွက် ပုစွန်၊ ကဏန်းနှင့် ငါးမွေးမြူ ရေးလုပ်ငန်းများ တိုးပွားလာခြင်း၊ ယင်းဖော်ပြချက်များတွင် မပါဝင်သေးသော အခြားပြဿနာများမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ အခြေခံအဆောက် အအုံနည်းခြင်း၊ ရန်ပုံငွေလုံလောက်မှုမရှိခြင်းနှင့် ရေလုပ်ငန်းကျွမ်းကျင်သည့် ဝန်ထမ်းအရေ အတွက်နည်းလာခြင်း စသည့် အချက်များကိုလည်း တွေ့ရှိရပါကြောင်း။ 

မိမိတို့အနေဖြင့် ယင်းပြဿနာများကို အတတ်နိုင်ဆုံးဖြေရှင်းကြရန် လိုအပ်ပါကြောင်း၊ ဖြေရှင်း ရာတွင်လည်း တစ်ဌာန၊ အဖွဲ့အစည်းတစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ အစိုးရဌာနများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှု အလေ့အထကောင်းကို အားကောင်းလာအောင် မြှင့်တင်ပေးကြရမည်ဖြစ်ပါ ကြောင်း၊ အရေးကြီးသည့်အချက်မှာ ပင်လယ်ကမ်းရိုးတန်း သယံဇာတ များကို လုပ်ငန်းကဏ္ဍ (Sectoral ) နှင့် ဒေသ (Regional) သီးခြားစီ စီမံအုပ်ချုပ် လုပ်ကိုင်ခြင်းမျိုးမဖြစ်စေရန် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအကြား ပေါင်းစပ် ညှိနှိုင်းမှုများကို ပိုမိုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းရေးကို ညီညွတ် မျှတစေရန် လိုအပ်ပါကြောင်း။

ပင်လယ်ကမ်းရိုးတန်း သယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ရာတွင် အစိုးရဌာနများချည်းမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရ မဟုတ်သည့်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် မရှိမဖြစ် အရေးပါသည်ကို သတိပြုကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ပင်လယ်ကမ်းရိုးတန်း သယံဇာတများကို ရေရှည် တည်တံ့အောင် စီမံအုပ်ချုပ် လုပ်ကိုင်ရာ တွင် လိုအပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ရှိသည့်အနက် အချို့သော လုပ်ငန်းအဆင့်များကို အောက်ခြေကနေစတင်ရမည်ဆိုသည်ကို သိရှိနားလည် ကြရန် လိုအပ်ပါကြောင်း။

ယနေ့အစည်းအဝေးတွင် ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး စီးမှု၊ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ရသည့်အခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်ကြ ရမည့်လုပ်ငန်းများကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးညှိနှိုင်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုဒေသရှိ ကမ်းရိုးတန်း ဂေဟစနစ်များ၏ အသိပညာပေး ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပထမအကြိမ်နှင့် ဒုတိယအကြိမ် အစည်းအဝေးတို့တွင် ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်များအား ဆောင်ရွက်ပြီးစီးမှုများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။ 

ထို့နောက် ဗဟိုကော်မတီဝင်များဖြစ်ကြသော သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ဦးလှကျော်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်စား တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ခေတ္တအမြဲတမ်း အတွင်းဝန်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)မှ ဗိုလ်မှူးချုပ်နိုင်မင်းကျော်တို့ က နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံ အုပ်ချုပ်လုပ်ကိုင်မှု အခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့က ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေး၍ နိဂုံးချုပ်အမှာ စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ (သတင်းစဉ်)