ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ (၆) ကြိမ်မြောက် ညီလာခံ အစည်းအဝေး (Sixth Assembly of the Global Environment Facility) သို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

နေပြည်တော် ၂-၇-၂၀၁၈

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ ဒါနန်း (Da Nang) မြို့တွင် ဇွန်လ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ (၆) ကြိမ်မြောက် ညီလာခံ အစည်းအဝေး (Sixth Assembly of the Global Environment Facility (GEF)) သို့ တက်ရောက်ခဲ့ပါသည်။

ညီလာခံအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဗီယက်နမ်နိုင်ငံ၊ ဒါနန်း (Da Nang) မြို့၊ Ariyana Convention Center ၌ ဇွန်လ (၂၇) ရက် နံနက်ပိုင်းတွင် ကျင်းပရာ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Nguyen Xuân Phúc က အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် GEF CEO ဖြစ်သည့် Naoko Ishii က အဖွင့်အမှာ စကားနှင့်အတူ (၆) ကြိမ်မြောက် GEF ညီလာခံအစည်းအဝေးဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ ဗီယက်နမ်နိုင်ငံ အစိုးရ၏ အကြီးအကဲများ၊ GEF အဖွဲ့ဝင်နိုင်ငံပေါင်း (၁၈၃)နိုင်ငံမှ ဝန်ကြီးအဆင့်ကိုယ်စားလှယ်များ၊ GEF Agency များ၊ အပြည်ပြည် ဆိုင်ရာ ကွန်ဗန်းရှင်းများက ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ပညာရှင်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဒေသခံများ အပါအဝင် စုစုပေါင်း (၇၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံ၏ ခေါင်းဆောင်အသီးသီးက Country Statement ကို ဖတ်ကြား ကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဗီယက်နမ်နိုင်ငံအစိုးရအား ကမ္ဘာ့ ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ (၆) ကြိမ်မြောက် ညီလာခံအစည်းအဝေး လက်ခံကျင်းပပေးသည့်အတွက် လည်းကောင်း၊ ဗီယက်နမ်နိုင်ငံသားများ၏ နွေးထွေးပျူငှာစွာ ဧည့်ခံခြင်းအတွက် လည်းကောင်း ကျေးဇူးတင်ရှိ ပါကြောင်း၊ ယနေ့အခါတွင် လူသားတို့၏ ဆောင်ရွက်ချက် များကြောင့် ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများစွာရှိနေပြီး လူသားတို့ တောင်းဆိုမှုများသည် ကမ္ဘာမြေကြီး၏ ဖြည့်ဆည်းပေးနိုင်သည့် စွမ်းဆောင် ရည်ထက် ပိုမိုကျော်လွန်နေပြီဖြစ်ပါကြောင်း၊ ထိုသို့သောအခြေအနေတွင် အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင် သဘောတူညီချက်များကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (GEF) အထောက်အပံ့သည် လွန်စွာအရေးကြီးပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် များစွာသော အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များတွင် အဖွဲ့ဝင်အဖြစ်ပါဝင်​ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် မြန်မာနိုင်ငံ သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ တစ်ခုဖြစ်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာရန်ပုံငွေအဖွဲ့၏ အထောက်အပံ့သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများတွင် ပတ်ဝန်းကျင်ကို ပိုမိုထည့်သွင်းစဉ်းစားရန်အတွက် ရာသီဥတု ပြောင်းလဲမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မြန်မာနိုင်ငံ၏ ကတိကဝတ်များကို ဖြည့်ဆည်းရာတွင်  များစွာ အထောက်အကူပြုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် GEF -7 Replenishment ကာလတွင် GEF - 5  GEF-6  ကာလများက ရရှိခဲ့သည့် အတွေ့အကြုံများကိုအခြေခံကာ ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ပိုမိုထိရောက်စွာဖြေရှင်းနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ GEF က ခွဲဝေပေးသော ရန်ပုံငွေအား နိုင်ငံအသီးသီး၏ လိုအပ်ချက်နှင့်အညီ ထိရောက်စွာ အသုံးချနိုင်ရန်အတွက် GEF Agency များနှင့် နိုင်ငံများအကြား ပွင့်လင်းမြင်သာသည့် ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် GEF – 6 ကာလအတွင်း GEF အတွင်းရေးမှူးရုံး နှင့် GEF ကောင်စီ တို့၏ ကြိုးပမ်းအားထုတ် ဆောင်ရွက် ခဲ့သည်များကို အသိအမှတ်ပြု ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ပြဿနာများကို ဖြေရှင်းရာတွင်  GEF အတွင်းရေးမှူးရုံးနှင့် GEF ကောင်စီတို့၏ ဆောင်ရွက်ချက်များသည် များစွာ အရေးကြီး ပါကြောင်း၊ GEF က ဆောင်ရွက်လျက်ရှိသော Small Grant Programme သည် ထိရောက်သော အစီအစဉ်တစ်ခု ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း သက်ဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ကာ လျှောက်ထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုရရှိရန် နှင့် အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှု ကတိကဝတ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ရန်ပုံငွေ ထောက်ပံ့မှုပေးသည့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာရန်ပုံငွေအဖွဲ့ နှင့်  ငွေကြေးထည့်ဝင်သည့် ဖွံ့ဖြိုးပြီးနိုင်ငံများအား အသိအမှတ်ပြုပါကြောင်း၊ GEF CEO ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း  ပြောကြားပါသည်။

          ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာရန်ပုံငွေ အဖွဲ့၏ (၆) ကြိမ်မြောက် ညီလာခံအစည်းအဝေးတွင် Plenary Sessions များ နှင့် အဆင့်မြင့် အရာရှိကြီးများ စားပွဲဝိုင်းဆွေးနွေးပွဲများ (High-level Round Tables) များဖြစ်သည့် အစားအစာ၊ မြေအသုံးချမှုနှင့် မြေယာထိန်းသိမ်းရေးဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲ (Food, Land Use and Restoration Round Tables) ၊ သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေး ဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲ (Wildlife Round Tables) တို့ကိုလည်း ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့်အဖွဲ့သည် (၆) ကြိမ်မြောက် GEF ညီလာခံ အစည်းအဝေး၏ ပထမနေ့ဖြစ်သော ဇွန်လ (၂၇) ရက်နေ့တွင်   International Union for Conservation of Nature (IUCN) ၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ Ms. Aban Marker Kabraji ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်လည်းကောင်း၊ Food and Agriculture Organization of the United Nations (FAO) မှ သဘာဝသယံဇာတဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs Maria Semedo ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် လည်းကောင်း၊ Conservation International (CI) နှင့် Fauna and Flora International (FFI)  မှ  Ms. Srabani Roy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊  GEF Satoyama Initiatives မှ ဒေါက်တာ Yoji Natori ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ညီလာခံအစည်းအဝေး၏ ဒုတိယနေ့၊ ဇွန်လ (၂၈) ရက်နေ့တွင် European Investment Bank (EIB) မှ ညွှန်ကြားရေးမှူး၊ Ms. Maria Shaw-Barragan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ World Wildlife Fund WWF–US မှ ဥက္ကဌ Mr. Carter Roberts  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ကမ္ဘာ့ဘဏ် (World Bank) မှ Senior Director၊ Ms.Karin Kemper ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့်လည်းကောင်း အသီးသီး လက်ခံ တွေ့ဆုံကာ မြန်မာနိုင်ငံနှင့် အဆိုပါအဖွဲ့အစည်း အသီးသီးများအကြား ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက် နိုင်မည့် သစ်တောပြန်လည်ထူထောင်ရေးနှင့် သစ်တောထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် လူမှုနှင့်ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေးအစီအမံများ  ထည့်သွင်းနိုင်ရေး၊ သဘာဝ သယံဇာတများကို ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် GEF -7 Replenishment ကာလတွင် အဆိုပြု ဆောင်ရွက်သွားမည့် စီမံကိန်း အဆိုပြုလွှာများအကြောင်း ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ဇွန်လ (၂၉)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ အစိုးရနှင့် ကမ္ဘာ့ ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (GEF)တို့ ပူးပေါင်းစီစဉ်သော ဗီယက်နမ် နိုင်ငံ၊ Quang Nam ပြည်နယ်၊ ဒါနမ်းမြို့တော်၊ Hao Khanh Eco Park စက်မှုဥယျာဉ်သို့ သွားရောက်ကာ ဆောက်လုပ်ရေးပစ္စည်းများ ထုတ်လုပ်သည့် DIC Da Nang ကုမ္ပဏီ၏ အမိုးပြားထုတ်လုပ်ပုံအဆင့်ဆင့်၊ စွန့်ပစ္စည်းပစ္စည်း စီမံခန့်ခွဲခြင်း တို့အား လေ့လာခဲ့ကြပါသည်။

GEF ညီလာခံသည် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ (၄)နှစ်တစ်ကြိမ် ကျင်းပသည့် အမြင့်ဆုံးသော အစည်းအဝေးဖြစ်ပြီး အဆိုပါညီလာခံအစည်း အဝေး၌ GEF -7 Replenishment ကာလ ဖြစ်သည့် ၂၀၁၈ ခုနှစ် ဇူလိုင်လမှ ၂၀၂၂ ခုနှစ်တွင် ဇွန်လအထိ ကမ္ဘာလုံးဆိုင်ရာ အများနှင့် ဆိုင်သော ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း၊ မြေအတန်းအစားကျဆင်းခြင်း၊ ရာသီဥတု ပြောင်းလဲမှုတို့နှင့် သက်ဆိုင်သည့် နယ်ပယ်များ၌  အမေရိကန် ဒေါ်လာ ၄.၁ ဘီလီယံအား ထည့်ဝင်သုံးစွဲနိုင်ရန် သဘောတူညီခဲ့ကြသည်ဟု သတင်းရရှိပါသည်။ (သတင်းစဉ်)