သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၁၈ ဘဏ္ဍာနှစ် (ဒုတိယအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

နေပြည်တော်၊ ၁.၈.၂၀၁၈

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၁၈ ဘဏ္ဍာနှစ် (ဒုတိယအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့ နံနက်(၈:၃၀)အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၉)၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ပါသည်။

         အစည်းအဝေးသို့ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသို့ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးများ စုံညီစွာ တက်ရောက်လာသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဟန်ချက်ညီဆောင်ရွက်နိုင်ရန် ကာလရှည် စီမံကိန်းများ၊ ကာလတိုစီမံကိန်းများ၊ နှစ်စဉ်စီမံကိန်းများကို နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ရေးဆွဲ ပြီး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လက်တွဲညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးနေမှုကို အနည်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက် နေပါကြောင်း၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းအဖြစ် ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်း ခြင်း၊ သဘာဝနယ်မြေများဖွဲ့စည်းခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ ပုဂ္ဂလိကဝါးစိုက်ခင်း တည်ထောင်ရန်နှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်(ဝါး) တည်ထောင်လို သူများအတွက် ဝါးစိုက်ခင်းများကို ခွင့်ပြုပေးထားပြီဖြစ်ပါကြောင်း၊ တောဆင်ရိုင်းများ သတ်ဖြတ်ခံ နေရမှုနှင့် ဆင်စွယ်အပါအဝင် ယင်းတို့၏ အစိတ်အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်များပြား လာသဖြင့် တောဆင်ရိုင်းများ တရားမဝင်သတ်ဖြတ်မှု စောင့်ကြည့်ရေးအဖွဲ့တို့၏ နည်းပညာနှင့် ရန်ပုံငွေအကူ အညီဖြင့် တောဆင်ရိုင်းထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများအား သစ်တောဦးစီးဌာန၊ မြန်မာ့သစ်လုပ် ငန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားမဝင်သစ် ထုတ်လုပ်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ တရားမဝင်  ထုတ်လုပ်ရောင်းချမှုများ  လျော့နည်းပပျောက်ရန်  မြန်မာ နိုင်ငံရဲတပ်ဖွဲ့  အပါအဝင် ကျန်ဆက်စပ်ဝန်ကြီးဌာနများ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့တို့မှ လည်း ပူးပေါင်းဆောင်ရွက်မှ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ လျော့ချနိုင် ရေးအတွက် သစ်တောကဏ္ဍ၌ သစ်ထုတ်ခြင်းကိုလျော့ချပြီး သတ္တုကဏ္ဍတွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် ထုတ်လုပ်ဆောင်ရွက်စေရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ မြစ်ရေကြီးခြင်း၊ ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေ ရသဖြင့် နိုင်ငံ၏ရေဝေရေလဲဒေသများအား ထိန်းသိမ်းရန် အရေးကြီးလိုအပ်လျက်ရှိလာသောကြောင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအား ရေဝေရေလဲဒေသနှင့် မြေယာထိန်းသိမ်းရေးဦးစီးဌာန အဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မြန်မာ့သတ္တုတွင်း နည်းဥပဒေအသစ်ကို ထုတ်ပြန်နိုင်ခဲ့သဖြင့် ယခင်က အကြီးစား၊ အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များကိုသာ ခွင့်ပြုပေးနိုင်ခဲ့သော်လည်း ယခုအခါတွင် ဓာတ်သတ္တုအလတ်စား လုပ်ငန်းများ ကိုပါခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊  လုပ်ကွက်အသစ်များ ချထားပေးခြင်းကို ၂၆.၇.၂၀၁၈ ရက်နေ့မှ စ၍ လျှောက်လွှာများ ပြန်လည်လက်ခံပြီး ဝန်ကြီးဌာန၊ ဦးစီးဌာန လုပ်ကွက်စိစစ် ရေးအဖွဲ့များ ဖွဲ့စည်းကာ စိစစ်ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း၊ ဓာတ်သတ္တု အသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းများတို့၌လည်း  တိုင်းဒေသကြီး/ ပြည်နယ်များအတွက် ထိုက်သင့်သည့် အခွန် ဘဏ္ဍာငွေများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဝန်ကြီးဌာနလက်အောက်မှ ဝန်ထမ်းများကိုလည်း ထိန်းကြောင်းတည့်မတ် ပေးစေလိုပါကြောင်း၊ မြန်မာ့သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံကောင်းများ ဖလှယ်ကာ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာကြရန်ဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် တက်ရောက်လာသည့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးများက မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သစ်တောစိုက်ခင်ထူထောင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်းတည်ထောင်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုအစီအစဉ်၊ သဘာဝဘေးအန္တရာယ်များ လျော့နည်းစေရေး ဆောင်ရွက်မည့် အစီအမံ၊ သတ္တုကဏ္ဍအပေါ် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရတို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည့်အခြေအနေများကို တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများကလည်း ဌာန၏ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်မည့်နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေခဲ့ကြပါသည်။ သတင်းစဉ်