ဒုတိယဝန်ကြီး ဦးမင်းသူ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar) Geoportal အသုံးပြုနည်းသင်တန်း အမှတ်စဉ်(၁)သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူသည် ၂၇-၁၁-၂၀၂၅ ရက် (ကြာသပတေးနေ့) နံနက်(၀၉:၀၀)နာရီအချိန်တွင် မြေတိုင်းဦးစီးဌာန(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar) Geoportal အသုံးပြုနည်းသင်တန်း အမှတ်စဉ်(၁)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန/လုပ်ငန်း/တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြေတိုင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းပို့ချမည့် ဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ရှေ့ဦးစွာ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar) ရေးဆွဲအကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)ကို မြေအသုံးချမှုစီမံအုပ်ချုပ်မှုနှင့် ဆက်စပ်ပတ်သက်နေသာ အစိုးရဌာန/လုပ်ငန်းများ၏ မြေပြင်ဆိုင်ရာကိန်းဂဏန်းများ၊ သတင်းအချက်အလက်များ ကောက်ယူစုစည်းခြင်း၊ အတည်ပြုခြင်း၊ ပွင့်လင်းမြင်သာမှုရှိသော မြေအသုံးချစီမံအုပ်ချုပ်မှုနှင့်ဆုံးဖြတ်ချက်များ ဆောင်ရွက်နိုင်ရန်၊ တိကျခိုင်မာသည့် မြေပြင်ဆိုင်ရာကိန်းဂဏန်းများ၊ သတင်းအချက်အလက်များ စနစ်တကျ သိမ်းဆည်းခြင်းဆိုင်ရာ နည်းပညာနှင့် မြေပုံထုတ်လုပ်ခြင်းနည်းပညာတို့တွင် ခေတ်မီနည်းပညာ များနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန် မြေပြင်သတင်းအချက်အလက်နှင့်ဆက်စပ်နေသည့် မြေပုံနှင့် ကိန်းဂဏန်းများအား ပြည်သူလူထုသို့ ဖြန့်ဝေနိုင်ရန်စသည့် ရည်ရွယ်ချက်(၃)ရပ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊

 စီမံကိန်းလုပ်ငန်းစတင်ဆောင်ရွက်ချိန်တွင် Prototype အဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီဧရိယာအား ရွေးချယ်သတ်မှတ်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် မတ်လအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ Pilot Project အဖြစ် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဧရိယာ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဧရိယာ၊ ပဲခူးတိုင်း ဒေသကြီးရှိ တောင်ငူခရိုင်တို့ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း One Map Myanmar System Design အား အပြီးတည်ဆောက်နိုင်ခဲ့ပါကြောင်း၊ One Map Myanmar Geoportal Platform သို့ ဦးစီးဌာန၊ ကော်မတီ၊ တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာရေးအဖွဲ့(၅၇)တို့မှ မြေယာဆိုင်ရာ အချက်အလက်များကို ထည့်သွင်း၍ Webpage နှင့် Dashboard ကို တည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ သတင်းအချက်အလက်များကို စနစ်တကျစီမံခန့်ခွဲနိုင်စေရန် မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)စီမံကိန်း အထောက်အကူပြုနည်းပညာဆိုင်ရာသင်တန်း အမှတ်စဉ် (၃) ခုအတွက် သင်တန်းသား (၂၂၈) ဦး၊ ArcGIS Enterprise User Training အတွက် သင်တန်းသား (၇၅) ဦး၊ VxRail Server အသုံးပြုနည်းသင်တန်းအတွက် သင်တန်းသား(၁၁)ဦးတို့ကို သင်ကြားပေးခဲ့ကြောင်း၊

ယခုအခါ One Map Myanmar Geoportal အား Launch ပြုလုပ်မည်ဖြစ်၍ သက်ဆိုင်ရာဌာနများမှ System ကို အသုံးပြုရန် ခက်ခဲနိုင်သည့်အတွက် Level အလိုက် သင်တန်းများ ဖွင့်လှစ်ပို့ချရန် ညွှန်ကြားခဲ့သည့်အတွက် ယခုသင်တန်းကို စတင်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချသည့် သင်ခန်းစာများအား အမှန်တကယ်နားလည် တတ်ကျွမ်းသည်အထိ သင်ယူကြရန်နှင့် မိမိတို့ ဌာနပြန်ရောက်ပါက ပြန်လည်မျှဝေသင်ကြားပေးနိုင်သည်အထိ ကြိုးစားသင်ယူရန် မှာကြားသည်။

မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)Geoportal အသုံးပြုနည်းသင်တန်း ကို ၂၇-၁၁-၂၀၂၅ ရက်နေ့မှ စတင်၍ ရက်သတ္တ (၁) ပတ်ကြာ စာတွေ့၊ လက်တွေ့ပို့ချမည်ဖြစ်ပြီး သင်တန်းသို့ ဝန်ကြီးဌာန(၁၈)ခု၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၇၀)ဦး တက်ရောက်ကြသည်။