
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ် မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၀,၅၇၅ ဧက ရှိသောနယ်မြေကို “ပေါက်မ - ကယ်ဘာကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၂၆ )အရ (၁၃၈၇)ခုနှစ်၊ တပေါင်းလဆန်း(၃)ရက်၊ (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် မြန်မာ့သစ်တောမူဝါဒ၏ ရည်မှန်းချက်ဖြစ်သော ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ဧရိယာကို မြန်မာနိုင်ငံဧရိယာ၏ (၃၀%) ဖွဲ့စည်းနိုင်ရန်၊ ရေမြေသဘာဝတောတောင် ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထာဝစဉ်တည်တံ့စေရေးထိန်းသိမ်းကာကွယ်ရန်၊ အပူပိုင်းဒေသတောများဖြစ်၍ ရာသီဥတုမျှတ ကောင်းမွန်လာစေရန်နှင့် ဒေသခံများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်လာစေပြီး ဒေသခံ ပြည်သူများ၏ အခြေခံစား၊ ဝတ်၊ နေရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။
“ပေါက်မ - ကယ်ဘာကြိုးပြင်ကာကွယ်တော” သတ်မှတ်ခြင်းဖြင့် အပူပိုင်းဒေသသစ်မျိုး များဖြစ်သည့် သန်း၊ ဒဟတ်၊ ထောက်ကြံ့၊ ရှား၊ အင်ကြင်း၊ သစ်ယာ၊ လွန် ၊ ဇီးဖြူ ၊ ဖန်ခါး၊ သစ်စေး၊ သစ်ပုဂံစသည့် သစ်မျိုးများအား ထိန်းသိမ်းနိုင်ခြင်း၊ ကာကွယ်တောအတွင်းမှီခိုနေထိုင်ကြသော သားငှက်တိရစ္ဆာန်များဖြစ်သည့် ဂျီ၊ တောဝက်၊ ယုန်၊ ကြောင်၊ ဖွတ်၊ ပဒတ်၊ ကြောင်၊ ယုန် ၊ မြွေ ၊ ကုန်းလိပ်၊ သိမ်းငှက်၊ ဂျိုး၊ ဆက်ရက်၊ ငူ၊ ငုံး ၊တောကြက်၊ ခါ၊ ဘီလုံးငှက်၊ စွေ့ငှက်၊ ကြက်တူရွေးနှင့် ငှက်တော်စသည့် တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းနိုင်မည့်အပြင် ကြိုးပြင်ကာကွယ်တော အနီးရှိ ကျေးရွာနေဒေသခံပြည်သူများ၏ အခြေခံ စားဝတ်နေရေး ဖြစ်သည့် လယ်ယာသုံးပစ္စည်း များ၊ ဒေသသုံး မျော၊ တိုင်၊ ထင်း ၊ ဝါးများနှင့် သစ်တောများမှ ဟင်းသီး ဟင်းရွက်များ၊ သစ်ဥ သစ်ဖုများ၊ ပရဆေးများ စသည်တို့ကို အလွယ်တကူထုတ်ယူသုံးစွဲနိုင်ခြင်း၊ သဲကန္တရဖြစ်ထွန်းမှု တိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်လာပြီး ရာသီဥတုမျှတ၍ ဒေသခံပြည်သူများ၏လယ်၊ ယာမြေ၊ ကောက်ပဲသီးနှံများအထွက် တိုးလာစေခြင်း၊ ဒေသခံပြည်သူများအနေဖြင့် သစ်တောများမှတိုက်ရိုက်နှင့်သွယ်ဝိုက်သော အကျိုးကျေးဇူးများခံစားနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောသစ်ပင်များ၏ ဂေဟစနစ်များ ထာဝ စဉ်တည်တံ့စေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
