တည်နေရာ
- ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်။
အကျယ်အဝန်း
- ၂၄၈ စတုရန်းမိုင်
လမ်းပန်းဆက်သွယ်ရေး
- ရန်ကုန် - ဟဲဟိုး (လေယဉ်ဖြင့် ၁ နာရီခရီး)၊ ဟဲဟိုး - ညောင်ရွှေ (ကားဖြင့် ၁၉ မိုင်)
ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းများ
- ကမ္ဘာပေါ်တွင် ထင်ရှားသည့် ပင်လယ်ရေမျက်နှာပြင်အထက် (၂၉၅၀) ပေတွင်ရှိ၍ ထူးခြားသော ရေတိမ်ဒေသဂေဟစနစ် (Wetland Ecosystem) ကို လေ့လာနိုင်ခြင်း၊
- ရှမ်းကုန်းမြေမြင့်၏ တောင်ပေါ်ဒေသရှုခင်းများ လေ့လာခံစားနိုင်ခြင်း၊ ငှက်မျိုးစုံလင်စွာ လေ့လာကြည့်ရှုနိုင်ခြင်း၊
- သုတေသနပြုလုပ်နိုင်ခြင်း၊
- အခြားနိုင်ငံရှိ ဒေသများ၌ မတွေ့ရှိနိုင်သော ငါးမျိုးများ၏ နေထိုင်ကျက်စားမှုကို လေ့လာနိုင်ခြင်း၊
- အင်းသားတို့၏ ရိုးရာ ကျွန်းမျောများကို အသုံးပြု၍ ရေပေါ်စိုက်ခင်းများ တည်ထောင်စိုက်ပျိုးမှုစနစ်ကို လေ့လာနိုင်ခြင်း၊
- တိုင်းရင်းသားများ၏ ခြေဖြင့်လှော်ခတ်သည့် ထူးခြားသော ဓလေ့ကို လေ့လာနိုင်ခြင်း၊
- ရေလယ်ဖောင်တော်ဦးဘုရားကို ဖူးမျှော်ကြည်ညိုနိုင်ခြင်း၊
- ရေပေါ်စျေးကို လေ့လာနိုင်ခြင်း။
အင်းလေးကန်ဆိုင်ရာ သိမှတ်ဖွယ်
၁။ အင်းလေးကန်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်တည်ရှိကာ မြောက်လတ္တီတွဒ် ၁၉̊ ၄၆' မှ ၂၀̊ ၃၈' အတွင်းနှင့် အရှေ့လောင်ဂျီ တွဒ် ၉၆̊ ၄၇' မှ ၉၇̊ ၆' အတွင်း ကျရောက်လျက် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ (၂၈၈၀) တည်ရှိသော ကန်ဖြစ်သည်။
၂။ အင်းလေးကန်၏ ရေဝေရေလဲဧရိယာများမှာ ရှမ်းပြည်နယ်၏ မြို့နယ် (၉) မြို့နယ်အတွင်း ကျရောက်လျက် ရှိကာ စုစုပေါင်းဧရိယာ ၁,၃၈၆,၇၅၈ ဧက ဖြစ်၍ ၂၀၁၀ ခုနှစ်တွင်ရှိသော မြေအသုံးချမှု အခြေအနေမှာ စိုက်ပျိုးမြေ ၄၂%၊ သစ်တောဖုံးလွှမ်းမှုဧရိယာ ၂၃%၊ ရေပြင်ဧရိယာ ၅% နှင့် အခြား မြေအသုံးချမှု ၃၀% ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ရေဝေရေလဲဧရိယာအတွင်းရှိ အမြဲတမ်းသစ်တောနယ်မြေဧရိယာ စုစုပေါင်းသည် ၃၄၆,၄၁၅ ဧကဖြစ်၍ ရေဝေရေလဲ ဧရိယာအကျယ်အဝန်း၏ ၂၄% ခန့် ဖြစ်သည်။
၃။ ကန်အတွင်းသို့ စီးဝင်သောချောင်းပေါင်း ၂၉ ခုရှိပြီး ရေထွက်ပေါင်း ၁၄၉ ခု ရှိကာ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းနှင့် သစ်တောဦးစီးဌာနတို့မှ ပုဒ်မ (၁၄၄) ထုတ်ပြန်ကြေညာခြင်း၊ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ သစ်တောသစ်ပင် စိုက်ပျိုး၍ ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို ဆောင်ရွက်လျှက်ရှိသည်။ ရာသီမရွေး စီးဝင်သောချောင်းမကြီး ၄ ခု ရှိ၍ နမ့်လတ်ချောင်း၊ ရေပယ်ချောင်း၊ ကလောချောင်းနှင့် အထက်ဘီလူးချောင်းတို့ ဖြစ်သည်။
၄။ အင်းလေးမှ စီးထွက်သောချောင်းမှာ နမ့်ပန်ချောင်းဖြစ်၍ နန့်ပန်ချောင်းမှ စကားအင်းသို့ စီးဝင်ကာ ထိုမှတစ်ဆင့် မိုးဗြဲဆည်အတွင်းစီးဝင်၍ လောပိတစက်ရုံ၏ ရေအား လျှပ်စစ်ထုတ်လုပ်မှုကို အထောက်အကူပြုလျက် ရှိသည်။
၅။ မူလ အင်းရေပြင်ဧရိယာသည် ၁၀၄.၆၃ စတုရန်းမိုင် ရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပြီး ၂၀၁၀ ခုနှစ် တိုင်းထွာချက်အရ ၂၄ စတုရန်းမိုင် ရှိကြောင်း သိရှိရသည်။ မိုးရာသီတွင် ကန်ရေအနက်ဆုံး ၁၂ ပေအထိရှိပြီး နွေရာသီတွင် ၆ ပေခန့် ရှိကြောင်း တိုင်းတာသိရှိရသည်။ မြေဆီလွှာတိုက်စားခဲ့မှုကြောင့် ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း အင်းလေးကန်အတွင်းသို့ ပျမ်းမျှတစ်နှစ်လျှင် နုန်းပို့ချမှု ၂၆၈,၂၉၃ တန် ရှိခဲ့ကြောင်း သုတေသန ရလဒ်များအရ သိရှိရသည်။
၆။ အင်းလေးကန် ရေဝေရေလဲဒေသအတွင်း ၂၀၁၁ ခုနှစ် စာရင်းအရ လူဦးရေ ၅.၈ သိန်းကျော်နေထိုင်လျက်ရှိပြီး အင်းလေးကန် ပတ်ဝန်းကျင်ဒေသတွင် ၂၀၁၁ ခုနှစ် စာရင်းအရ အိမ်ထောင်စု ၃၂၁၃၉ စုနှင့် လူဦးရေ ၁၆၈၁၃၀ ဦး နေထိုင်ကြောင်း တွေ့ရှိရသည်။ မြို့မကျေးရွာအုပ်စု ၁ စု၊ ကန်အတွင်းနေ ကျေးရွာအုပ်စု ၁၇ စု၊ ကုန်းပေါ်နေ ကျေးရွာအုပ်စု ၁၃ စု၊ ကုန်းပေါ်နှင့် ကန်အတွင်းနေ ကျေးရွာအုပ်စု ၁ စု၊ စုစုပေါင်း ၃၆ အုပ်စု ရှိကြောင်း စာရင်းကောက်ယူ ရရှိခဲ့သည်။
၇။ ဒေသတွင်း အသက်မွေးဝမ်းကြောင်းလုပ်ငန်းများမှာ ရေပေါ်ကျွန်းမျောစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ ကြံစိုက်ပျိုးရေးနှင့် အခြားလယ်ယာစိုက်ပျိုးရေး၊ ပိုးထည်နှင့် ချည်ထည် ယက္ကန်းလုပ်ငန်း၊ ငွေပန်းတိမ်လုပ်ငန်း၊ သကြားစက်၊ ဆီစက်၊ ဆန်စက်စသည့် စက်မှုလုပ်ငန်းများနှင့် ဟိုတယ်၊ မိုတယ်၊ အင်း၊ စားသောက်ဆိုင်လုပ်ငန်းများ ဖြစ်ကြသည်။ စုစုပေါင်း ဟိုတယ် ၂၉ လုံး၊ တည်းခိုရိပ်သာနှင့် အင်း ၁၃ လုံးနှင့် စားသောက်ဆိုင် ၅၁ ဆိုင် ရှိကြောင်းသိရှိရသည်။