ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက် ညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော် ၊ ၄−၁၂−၂၀၁၉

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်‌‌ထောင်စုဝန်ကြီး ဉီးအုန်းဝင်း ဉီးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၊ Feria de Madrid (IFEMA) ၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်း (United Nations Convention on Climate Change - UNFCCC) ၊ ချီလီနိုင်ငံနှင့် စပိန်နိုင်ငံအစိုးရတို့ ပူးပေါင်းကျင်းပသည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက် ညီလာခံ (25th Conference of Parties) သို့ တက်ရောက်ခဲ့သည်။ အဆိုပါ ညီလာခံတွင် ချီလီနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Ms. Carolina Schmidt Zaldivar မှ ဥက္ကဌအဖြစ် တာဝန်ယူ၍ ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက်ညီလာခံကျင်းပခြင်းဆိုင်ရာ အစီအစဉ်နှင့် အချက်အလက်များအား အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်များဖြင့် အတည်ပြုဆုံးဖြတ်ခဲ့သည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ချီလီနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Ms. Carolina Schmidt Zaldivar ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Intergovernmental Panel on Climate Change – IPCC) ၏ ဥက္ကဌ Mr. Hoesung Lee ၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres နှင့် စပိန်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Pedro Sanchez တို့မှ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု လျော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေး၊ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုလျော့ချရေး၊ ကမ္ဘာ့လေထုထဲရှိ ကမ္ဘာကြီးပူနွေးစေသော ဓါတ်ငွေ့များဖယ်ရှားရေးတို့နှင့် သက်ဆိုင်သည့် နိုင်ငံတကာမှ ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ရမည့် ကိစ္စများနှင့် စပ်လျဉ်း၍ အချိန်မဆိုင်းဘဲ ချက်ခြင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စပိန်နိုင်ငံအစိုးရမှ ညီလာခံသို့တက်‌ရောက်လာကြသည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များအားဖိတ်ကြားသည့်  အလုပ်သဘော ဆွေးနွေးပွဲကျင်းပသည့် နေ့လည်စာ စားပွဲသို့ တက်ရောက်ခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်း (UNFCCC) အထောက်အကူပြု လုပ်ငန်းအဖွဲ့များဖြစ်သည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာအကြံပေးအဖွဲ့ (Subsidiary Body for Scientific and Technological Advice Subsidiary - SBSTA) နှင့် လုပ်ငန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ (Subsidiary Body for Implementation - SBI) တို့မှ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၏ (၂၅)ကြိမ်မြောက်အစည်းအဝေး COP25 သို့ တင်ပြမည့် အစီရင်ခံစာ နှင့် အချက်အလက်များ ညှိနှိုင်းအတည်ပြုချက်ရယူသည့် အစည်းအဝေးသို့တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် ကွန်ဗင်းရှင်းကျင်းပပြုလုပ်သည့် Feria de Madrid (IFEMA) LAO Plenary ခန်းမတွင် UNFCCC သိပ္ပံနှင့်နည်းပညာဆိုင်ရာအကြံပေးအဖွဲ့ SBSTA ဉီးဆောင်ကျင်းပပြုလုပ်သည့် ပင်လယ်သမုဒ္ဒရာကြီးများနှင့် ကမ္ဘာ့တိုက်ကြီးများတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သိသာထင်ရှားလာမှုနှင့် အကျိုးသက်ရောက်မှုများ၊ သိပ္ပံနည်းကျလေ့လာမှုများပြုလုပ်ရန်အတွက် နည်းပညာ၊ စွမ်းဆောင်ရည်နှင့် လုပ်ငန်း ရန်ပုံငွေဆိုင်ရာ လိုအပ်ချက်များ၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု လေ့လာဆန်းစစ်သည့် နည်းပညာများ၊ တွေကြုံနေရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများသို့ ရှင်းလင်းတင်ပြခြင်းနှင့် မေးခွန်းများ ပြန်လည်ဆွေးနွေးဖြေကြားခြင်း Earth Information Day အစီအစဉ်သို့ တက်ရောက်ခဲ့သည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် IFEMA North Convention Center တွင် ကျင်းပပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုနှင့် သမုဒ္ဒရာများအပေါ် အကျိုးသက်ရောက်မှုနှင့် စပ်လျဉ်း၍ လိုက်လျှောညီထွေရှိစေရေး၊ ပင်လယ်ဂေဟစနစ် ထိန်းသိမ်းရေးနယ်မြေများ (Marine Protected Areas) ဖွဲ့စည်းခြင်းဖြင့် ငါးသယံဇာတများဆုံးရှုံးမှုအား ကာကွယ်နိုင်ခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနှင့်စပ်လျဉ်း၍ ကြိုတင်သတိပေးစနစ် (Early Warning Systems) များအသုံးပြုခြင်း ဖြင့်ဆုံးရှုံးနိုင်ခြေများကို လျှော့ချနိုင်မည်ဖြစ်ပြီး ဖြစ်ပေါ်လာမည့် အခြေအနေများအပေါ် အကောင်းဆုံး ပြန်လည်တုံ့ပြန်နိုင်မည်ဖြစ်ခြင်း စသည့်အချက်အလက်များပါဝင်သည့် ရာသီဥတုပြောင်းလဲမှုနှင့် သမုဒ္ဒရာဆိုင်ရာအစီရင်ခံစာများနှင့် အင်တာနက် ဝက်ဘ်ဆိုဒ်များ ထုတ်ပြန်ကြေငြာသည့် Platform for Science Based Ocean Solutions Plenary ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ Plenary ဆွေးနွေးပွဲသို့ UNFCCC IPCC အဖွဲ့ဝင် သိပ္ပံပညာရှင်များနှင့် ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။