ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား United Nations Human Settlements Programme (UN-Habitat) မှ Regional Director ဖြစ်သူ Mr. Atsushi Koresawa မှ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၁၇-၁၂-၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် United Nations Human Settlements Programme (UN-Habitat)၊ အာရှ - ပစိဖိတ်ဒေသဆိုင်ရာ Regional Director ဖြစ်သူ          Mr. Atsushi Koresawa နှင့်အဖွဲ့အား ယနေ့ ၁၇-၁၂-၂၀၁၉ ရက်နေ့၊ (၁၄:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း နှင့် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ့ရာသီဥတုပြောင်းလဲမှုအစီအစဉ် (Myanmar Climate Change Alliance (MCCA) စီမံကိန်းအဆင့် (၁) အား ဆောင်ရွက်ခဲ့မှုနှင့် မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့်ပင်မလုပ်ငန်းအစီအစဉ် ရေးဆွဲထုတ်ပြန်နိုင်မှု၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်နိုင်မှုနှင့် ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေဖြစ်စေရေး အစီအစဉ်ရေးဆွဲနိုင်မှုများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာတွင်ပါရှိသည့် ကဏ္ဍအလိုက် နယ်ပယ်များကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် MCCA စီမံကိန်းအဆင့် (၂) အား UNEP နှင့် UN-Habitat တို့၏ နည်းပညာအကူအညီ၊ EU ၏ ရန်ပုံငွေ အထောက်အပံ့တို့နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။