ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နေပြည်တော်ကောင်စီနယ်မြေ၊ ဖိုးဇောင်တောင်ကြိုးဝိုင်း၊ ငလိုက်ကြိုးဝိုင်းများအတွင်းရှိ စိုက်ခင်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၁−၁၂−၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၁.၁၂.၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖိုးဇောင်တောင်ကြိုးဝိုင်း၊ အကွက် အမှတ် (၂၀)အတွင်း နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်း၊ မိုင်တိုင်အမှတ် (၁/၂)အနီး ၂၀၂၀ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်ရန် မြေနေရာရွေးချယ်ထားမှုအား ကွင်းဆင်း စစ်ဆေးကြည့်ရှု့ခဲ့ရာ စိုက်ခင်းမြေနေရာ ပြုပြင်ခြင်း၊ ရေနှင့် မြေဆီလွှာထိန်းသိမ်းရေးအတွက် ဗာတီဗာမြက်များ စိုက်ပျိုးခြင်း၊ နုန်းတားဆည်များ၊ ရေထိန်းတမံငယ်များ တည်ဆောက်ခြင်းတို့နှင့်စပ်လျဉ်း၍ လိုအပ်သည်များအားလမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖိုးဇောင်တောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၇)အတွင်း၊ နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်း၊ မိုင်တိုင်အမှတ်(၂/၃)အနီး ၂၀၁၈ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးထားသည့် ဝါးမျိုးစုံ၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ တမလန်းစသည့် အဖိုးတန်သစ်မျိုးများ၊  ပန်းမယ်ဇလီ၊ ငုရွှေဝါ၊ ပုန်းညှက်၊ မယ်ဇလီ၊ တမာ၊ ယင်းမာ၊ အင်ကြင်းအစရှိသည့် သစ်မာမျိုးစုံ စုစုပေါင်း (၃၃၃) ပင် ရှင်သန်အောင်မြင်နေမှုအားကြည့်ရှု့စစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖိုးဇောင်တောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၆)၊ နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်း၊ မိုင်တိုင်အမှတ်(၂/၅)အနီး မြန်မာ-တရုတ်နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းအခမ်းအနား ကျင်းပြုလုပ်မည့် စိုက်ခင်းမြေနေရာ ရွေးချယ်ထားမှုအား ကြည့်ရှု့စစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ အရိုးအထူးကုဆေးရုံအနီး သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ၂၀၁၈ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် ကလွေဝါး နှင့် ဝါးဘိုးကြီး စုစုပေါင်း(၁၃၈)ပင် စိုက်ပျိုးထားသည့် ဝါးစိုက်ခင်း ရှင်သန်မှုအခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ရာ ခြောက်သွေ့ရာသီတွင်ရေလောင်းစိုက်ပျိုးရန်နှင့် အစားထိုးပြန်လည်ဖာထေး စိုက်ပျိုးရန်လိုအပ်သည့်နေရာများအတွက် လာမည့်မိုးရာသီတွင် မူလစိုက်ပျိုးခဲ့သည့် ဝါးမျိုးစိတ်များဖြင့်သာ ပြန်လည်ဖာထေးစိုက်ပျိုးရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်-ကံပြားလမ်း၊ မိုင်တိုင်အမှတ် ၁၃/၂ နှင့် ၁၃/၇ ကြား၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၉)နှင့် (၃၀)အတွင်းရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် သစ်တောဦးစီးဌာနမှ ၂၀၁၉ ခုနှစ် မိုးရာသီအတွင်း စိုက်ပျိုးတည်ထောင်ထားသည့် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၁၀၀)ဧကအားကြည့်ရှု့စစ်ဆေးခဲ့သည်။ အဆိုပါစိုက်ခင်းအတွင်း အဖိုးတန်သစ်မျိုးများ၊ သစ်မာမျိုးစိတ်များ၊ အရိပ်ရပင်မျိုးစိတ်များ စုစုပေါင်းသစ်မျိုး (၉၇)မျိုးစိုက်ပျိုးထားရှိပြီး စိုက်ခင်းတည်ထောင်ခြင်းနှင့် စိုက်ခင်း(၅)နှစ်သားအထိ ပြုစုထိန်းသိမ်းခြင်းလုပ်ငန်း ကုန်ကျစရိတ်များအပါအဝင် စိုက်ခင်းရှင်းလင်းဆောင်နှင့် ရှုရပ်ဆောင် ဆောက်လုပ်ခြင်း၊ စိုက်ခင်းဆိုင်းဘုတ်ပြုလုပ်ခြင်း၊ ခြောက်သွေ့ရာသီတွင် ရေလောင်းစိုက်ပျိုးနိုင် ရန်အတွက် ရေဂါလံ (၄၀၀၀)ဆန့် မြေအောက်ရေသိုလှောင်ကန်(၁)လုံး၊ ရေဂါလံ(၁၅၀၀)ဆန့် မြေအောက်ရေသိုလှောင်ကန်(၄)လုံး၊ အမြင့်ပေ(၂၀)ရှိ ရေစင်တစ်ခု၊ စိုက်ခင်းအတွင်းသို့ ရေပိုက်လိုင်းများသွယ်တန်းခြင်း၊ ခြံစည်းရိုးကာရံခြင်းနှင့် မီးကာကွယ်ခြင်းအတွက် မီးမျှော်စင် (၁)လုံး ဆောက်လုပ်ခြင်းတို့အတွက် စုစုပေါင်း ငွေကျပ် (၂၇၅၇)သိန်းကို မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိ မြို့နယ်၊ နေပြည်တော်-ကံပြားလမ်း၊ မိုင်တိုင်အမှတ် ၂/၃ အနီး၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၂)နှင့် (၂၈)အတွင်း သစ်တောဦးစီးဌာနမှ ၂၀၁၈ခုနှစ် မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် စီးပွားရေးကျွန်းစိုက်ခင်း (၁၅၀)ဧက ရှင်သန်အောင်မြင် နေမှုများအား စစ်ဆေးကြည့်ရှု့ခဲ့ ကြောင်းသိရသည်။