ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်အတွင်းရှိ စိမ်းလန်း စိုပြည်ရေးစိုက်ခင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်စိုက်ခင်းနှင့် ပလင်းကမ်းသာယာဆင်စခန်းတို့အား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၁−၁−၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် တာဝန်ခံများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ စိမ်းလန်းစိုပြည်ရေးစိုက်ခင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်စိုက်ခင်းနှင့် ပလင်းကမ်းသာယာဆင်စခန်း တို့အားကြည့်ရှု စစ်ဆေးသည်။

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ်၊ မြေသင်းတွင်းကြိုးပြင် ကာကွယ်တောအတွင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင်စိုက်ပျိုးဆောင်ရွက်သည့် တောထိန်းဧရိယာအထူးစိမ်းလန်းစိုပြည်ရေး ကွက်လပ်ဖြည့်စိုက်ခင်း (၆/၂၀၁၉) အား ကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးက ရာသီဥတုပြောင်းလဲမှုနှင့်အတူ သစ်ပင်စိုက်ပျိုးနည်းစနစ်များ လိုက်လျောညီထွေမှုရှိစေရေး ဂရုပြုဆောင်ရွက်ရန်၊ စိုက်ပျိုးသည့်သစ်မျိုး၊ စိုက်ပျိုးနည်းစနစ်၊ ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိမှု၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှုနှင့် ရှင်ပင်ရာခိုင်နှုန်းတို့ကို စနစ်တကျ မှတ်တမ်းတင်ထားရှိ၍ သုတေသနပြုဆောင်ရွက်ရန်၊ ပျိုးပင်များရှင်သန်ကြီးထွားမှုကို စနစ်တကျသုတေသနပြု ဆောင်ရွက်နိုင်ရန်အတွက်  စိုက်ခင်းအတွင်း အမြဲတမ်းနမူနာကွက်များ  ချမှတ်ဆောင်ရွက်ရန်၊ ပျိုးပင်များကျန်းမာကြံ့ခိုင်မှုရှိစေရေး ပျိုးဥယျာဉ်လုပ်ငန်းစဉ်အဆင့်ဆင့်ကို အထူးအလေးထားဆောင်ရွက်ရန်တို့ကို မှာကြားသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညောင်ဦးမြို့နယ်၊ ဇီးအိုကြိုးပြင်ကာကွယ်တောအတွင်း ထိန်းသိမ်းထားရှိသည့် အင်ကြင်းတောအား ကြည့်ရှုစစ်ဆေး၍ ပေါက်ရောက်လျက်ရှိသည့် အင်ကြင်းပင်နှင့် အခြားဆက်စပ်အပင်များအား စာရင်းကောက်ယူ၍ မှတ်တမ်းထားရှိရန်၊ ပြည်တွင်း၊ ပြည်ပမှ လေ့လာသူများ လာရောက်လည်ပတ်သည့်နေရာဖြစ်သည့်အတွက် သစ်မျိုးအမည်ဖော်ပြချက်များ၊ မှတ်တမ်းအချက်အလက်များကို မြန်မာဘာသာဖြင့် သာမက အင်္ဂလိပ်ဘာသာဖြင့်ပါ ရေးသားဖော်ပြရန်၊ အင်ကြင်းတောအဝင်ဝနေရာတွင်  ပြခန်းတည်ဆောက်၍ ဓါတ်ပုံမှတ်တမ်းများ၊ လေ့လာဖွယ်ရာ အချက်အလက်များကို ခင်းကျင်း ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ အကြီးဆုံး အင်ကြင်းပင်ကြီး၏ အချက်အလက်များအား မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ပြုစု၍ ပြသရန် တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ်၊ ပလင်းကျေးရွာအနီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်း၊ ချင်းတွင်းဖောင်ဖွဲ့ရေးဒေသက တည်ထောင်ဖွင့်လှစ်သည့် ပလင်းကမ်းသာယာဆင်စခန်း၌ ဆင်ပြတိုက်တည်ဆောက်မှုလုပ်ငန်း၊ လေညှင်းခံ ဆိပ်ခံဗောတံတား တည်ဆောက်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး၍  ဆင်ပြတိုက်ပြကွက်များ၌ ပြင်ဆင်ရန်လိုအပ်ချက်များ၊ ဆင်စခန်းဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ရန် လိုအပ်သည့် အစီအမံများ၊ ဆင်ပြကွက်နှင့် ဆင်စာအရောင်းဆိုင်နီးကပ်မှုရှိစေ​ရေး ဆောင်ရွက်ရန်၊ တည်ဆောက်ဆဲ လေညှင်းခံဆိပ်ခံဗောတံတား ကြံ့ခိုင်မှုရှိစေရေးအတွက် အထူးအလေးထား ကြီးကြပ်ဆောင်ရွက်ရန်နှင့် လာရောက်လည်ပတ်သည့် ဧည့်သည်များအား အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်စေရေးအတွက် စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် ကြိုးစားဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ညနေပိုင်းတွင် ညောင်ဦးမြို့နယ်၊ ထက်လန်းကန်နှင့် လက်ထုတ်ကျေးရွာတို့၌ သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ သစ်တောလုပ်ငန်းမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Japan International Forest Promotion and Cooperation Centre- JIFPRO) တို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါစီမံကိန်းကို ၂၀၁၇ ခုနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ခုနှစ်အထိ (၃)နှစ်စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ စီမံကိန်းသည် ညောင်ဦးမြို့နယ်အတွင်းရှိ ထက်လန်းကန်နှင့် လက်ထုတ်ကျေးရွာ ဒေသခံများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် ထင်း၊ တိုင်၊ မျောနှင့် သစ်များထောက်ပံ့ရန်၊ သစ်တောထိန်းသိမ်းခြင်းနှင့် ပြုစုခြင်းလုပ်ငန်းများတွင် ဒေသခံများပူးပေါင်းပါဝင်မှုကိုမြှင့်တင်ရန်နှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းမီးကာကွယ်ခြင်းလုပ်ငန်းနှင့် စိုက်ပင်များ နွေရာသီ ခြောက်သွေ့ ကာလဖြတ်ကျော်ရှင်သန်စေရေး ရေရရှိရေးအစီအမံများ ဆောင်ရွက်ထားရှိရန်တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။