ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား WWF-Asia Pacific Regional Director ဖြစ်သူ Dr. Christy Williams နှင့် အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၃၁-၁-၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား World Wide Fund for Nature (WWF) ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Christy Williams နှင့်အဖွဲ့က ယနေ့ ၃၁-၁-၂၀၂၀ ရက်နေ့၊ ၁၅:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၊ ရုံးအမှတ်(၂၈)၊ နေပြည်တော်၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဒေါက်တာညီညီကျော်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇော နှင့် မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်ထိုက်တို့တက်ရောက်သည်။

ထို့သို့ တွေ့ဆုံဆွေးနွေးရာတွင် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသင်တန်းကျောင်းတည်ဆောက်မည့် မြောက်ဇာမရီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း မြေနေရာရွေးချယ်မှု၊ ဒီဇိုင်းနှင့် သင်ရိုးညွှန်းတမ်း ပြင်ဆင်မှုနှင့်သင်တန်းဆရာရွေးချယ်မှု၊ သင်တန်းကျောင်း ဆောက်လုပ်ရန်အစီအစဉ်များ၊ တောဆင်များ ခိုးယူသတ်ဖြတ်ခံရမှု လျော့နည်းလာသည့် အောင်မြင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပါရီသဘောတူညီချက်အရ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဘောင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်များအား နိုင်ငံတကာညီလာခံများ၌ ရှင်းလင်းတင်ပြနိုင်မည့် အခွင့်အလမ်းများ၊ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများတွင် ရေရှည်တည်တန့်စေရေး နည်းပညာဆိုင်ရာ အကူအညီပေးမှုများ၊ တောရိုင်းတိရစ္ဆာန်နှင့် အစိတ်အပိုင်းများ ကုန်သွယ်မှုတားဆီးရေးအတွက် ဆက်နွယ်သည့်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ နားလည်မှုစာချွှန်လွှာအား (၅)နှစ်သက်တမ်းတိုး ဆောင်ရွက်ရန်တို့နှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။