ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား ကမ္ဘာ့ဘဏ် မှ Senior Natural Resources Management Specialist ဖြစ်သူ Ms. Nina Doetinchem နှင့်အဖွဲ့လာရောက် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၁-၂-၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ကမ္ဘာ့ဘဏ်မှ Senior Natural Resources Management Specialist ဖြစ်သူMs. Nina Doetinchem နှင့်အဖွဲ့အား ယနေ့ ၂၁-၂-၂၀၂၀ ရက်နေ့၊ (၀၉:၃၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တို့တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း၍ သစ်တောပြန်လည်တည်ထောင်ခြင်းရင်းနှီးမြှုပ်နှံမှုစီမံကိန်း (၂၀၂၀-၂၀၂၇)ကို စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ကမ္ဘာ့ဘဏ်မှအတိုးနှုန်းသက်သာသောချေးငွေရယူနိုင်ရေး လုပ်ထုံးလုပ်နည်းများအရဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်နိုင်ရန်ဒေသခံတို့၏လူမှုဘဝမြှင့်တင်ရေး၊ သစ်အခြေခံစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပံ့ပိုးပေးမည့်အစီအမံများ၊ ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်သည့်အခွင့်အလမ်းများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများအတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်း ဆောင်ရွက်နိုင်မှုနှင့် ရှေ့အလားအလာများ၊ တရားမဝင်သစ်ထုတ်လုပ်ကုန်သွယ်မှု လျော့နည်းစေရေး ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။