ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့သစ်လုပ်ငန်း၊ လေ့ကျင့်ရေးသင်တန်းကျောင်း၊ ဆင်ဆေးရုံနှင့် ဖိုးကြားဆင်စခန်းများအား ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၁၇−၂−၂၀၂၀

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး /ခရိုင်/မြို့နယ် တာဝန်ခံများလိုက်ပါလျက် မြန်မာ့သစ်လုပ်ငန်း၊ လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ်(၁)၊ နန်ချွန်၊ အုတ်တွင်းမြို့နယ်ရှိ ဆင်ဆေးရုံနှင့် ရေတာရှည်မြို့နယ်ရှိ ဖိုးကြားဆင်စခန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ နန်ချွန် (တောင်)ကျေးရွာရှိ မြန်မာ့သစ်လုပ်ငန်း၊ လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ်(၁)သို့ ရောက်ရှိ၍ သင်တန်းဆရာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းမြေနေရာ မြေအသုံးချမှုကို ပြန်လည်တိုင်းတာ၍ ခေတ်နှင့်အညီ ကိန်းဂဏန်းများအား ပြုစုထားရှိရန်၊ ဌာနမြေနေရာပိုင်ဆိုင်မှု ခိုင်မာအောင် အလေးထားဆောင်ရွက်ရန်၊ သင်တန်းသားများ နေထိုင်စား သောက်ရေး ပြည့်စုံကောင်းမွန်အောင် စီမံဆောင်ရွက်ရန်၊ သင်တန်းကာလအတွင်း သင်တန်းသားများ၏ စွမ်းဆောင်ရည်နှင့် စည်းကမ်းပြည့်ဝမှု မပြတ်စောင့်ကြည့် မှတ်တမ်းထားရှိရန်၊ သင်တန်းသားများ၏ ကျန်းမားရေးစောင့်ရှောက်မှု လုပ်ငန်းကို အထူးအလေးထား ဆောင်ရွက်ရန်နှင့် သင်တန်းအလိုက် ဆေးကုသမှုမှတ်တမ်း ထားရှိဆောင်ရွက်ရန်၊ သင်တန်းသားများအား ကျန်းမာရေးအသိပညာရှိစေရေး ဆောင်ရွက်ရန်နှင့် သင်တန်းကာလအတွင်း လူအများနှင့် ဆောင်ရွက်ရသည့်အတွက် ကူးစက်နိုင်သည့် ရောဂါများအား အသိသတိနှင့် ဂရုပြုကြရန်၊ ဤသင်တန်းကျောင်းက ဖွင့်လှစ်ခဲ့သည့် သင်တန်းများ၌ ဘာသာရပ်အလိုက် သင်ကြားပို့ချခဲ့သည့် သင်တန်းဆရာများ၊ ပြင်ပဘာသာရပ်သင်ဆရာများအား မှတ်တမ်းပြုစုထားရှိရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်၊ ဝန်ထမ်းများစည်းလုံးညီညွတ်စွာဖြင့် နေထိုင်ကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာ၌ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် လစဉ်ဒါဘာအစည်းအဝေးများ ကျင်းပပြုလုပ်၍ ဝန်ထမ်းများ၏ အခက်အခဲများ ဖြေရှင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်းသိရ သည်။ အဆိုပါသင်တန်းကျောင်းကို ၁၉၈၅-၈၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလအထိ သင်တန်းအကြိမ်ရေ (၃၂၉)ကြိမ် ဖွင့်လှစ်၍ သင်တန်းသား (၆၀၉၆)ဦး ကို လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ အုတ်တွင်း - ပေါက်ခေါင်းဖြတ်လမ်း၊ ဘုန်းတောင်ကြိုးဝိုင်း အကွက်အမှတ်(၄၀)ရှိ မြန်မာ့သစ်လုပ်ငန်း တောင်ငူသစ်ထုတ်ရေးဒေသက တည်ထောင်ဆောင်ရွက်လျက်ရှိသည့် ဆင်ဆေးရုံအား ကြည့်ရှုစစ်ဆေးသည်။ ဆင်ဆေးရုံ ယာယီရှင်းလင်းဆောင်တွင် တာဝန်ခံ ဒေါက်တာဇော်မင်းဦးက ဆေးရုံပေါ်ပေါက်လာပုံနှင့် လက်ရှိဆောင်ရွက်နေမှု၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြသည်။ အဆိုပါ ဆင်ဆေးရုံကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ သုတေသနလုပ်ငန်းနှင့် တက္ကသိုလ် ကျောင်းသူ/သားများအား ဆင်နှင့်ပတ်သက်၍ ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နေပြည်တော်ပြည်ထောင်စုနယ်မြေအနီးတွင် ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊ ယခုအချိန်တွင် အဆိုပါဆင်ဆေးရုံ၌ ဆင်(၃၁)ကောင်ကို ပြုစုစောင့်ရှောက်လျှက်ရှိသည်၊ ဆင်ဆေးရုံရေရှည်ဖွံ့ဖြိုးစေရန်အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းကိုလည်း Birmanie Atelier Travel and Tours နှင့် အကျိုးတူပူးပေါင်း၍ လာရောက်လည်ပတ်သည့် ဧည့်သည်များအား တောတွင်းလမ်းလျှောက်ခြင်း၊ ငှက်များလေ့လာခြင်း၊ ဆင်သမားကျေးရွာများသို့လည်ပတ်ခြင်း၊ ဆင်နှင့်ပတ်သက်၍ အသိပညာပေးခြင်းစသည့် လုပ်ငန်းများကို ဝန်ဆောင်မှုပေးလျှက်ရှိသည်။

ယခုအချိန်တွင် California Davis University, USA ၏ အထောက်အပံ့ဖြင့် Elephant Endotheliotropic Herpes Virus (EEHV)ရောဂါကာကွယ်ရေးနှင့် ကုသရေးသင်တန်း၊ ဆင်ကျန်းမာရေး အလုပ်ရုံဆွေးနွေးပွဲနှင့် အိမ်မွေးဆင်များအား Microchip တပ်ဆင်ခြင်းသင်တန်းများကို ကျင်းပဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီးသည် ပြည်ပနိုင်ငံအသီးသီးမှ ရောက်ရှိနေသည် ဆင်ပညာရှင်များ၊ သင်တန်းသားများနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ၍ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ဆင်သုတေလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန်၊ ဆင်ဆေးကုသဆောင်များနှင့် ဆင်အိုရုံများ တိုးချဲ့ဆောင်ရွက်ရန်၊ ဆင်ဆေးကုသင်တန်းကျောင်းဖြစ်ပေါ်လာစေရေး ဆောင်ရွက်ရန်၊ ပြည်ပနိုင်ငံအသီးသီးမှ ပညာရှင်များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံမှ ဆင်ပညာရှင်များအား အသိပညာနှင့် စွမ်းဆောင်ရည် မြှင့်တင်ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။  ထို့အတူ ဆင်သမားများ၏ သားသမီးများ ပညာသင်ကြားရေး၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ တိုးတက်မှုနှင့် ဗဟုသုတကြွယ်ဝစေရေးအတွက် စာကြည့်တိုက်နှင့် ရုပ်မြင်သံကြားစက်ထားရှိရေး၊  ကျောင်းအားလပ်ရက်များတွင် အပန်းဖြေလေ့လာရေးခရီးများ စီစဉ်ဆောင်ရွက်ပေးရေးတို့ကို မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆင်သားဖွားဆောင်၊ သုတေသနဓါတ်ခွဲခန်းတို့ကို ကြည့်ရှုစစ်ဆေး၍ အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်ရန်အတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့သစ်လုပ်ငန်းက ရေတာရှည်မြို့နယ်၊ စိုင်းရကြိုးဝိုင်း အကွက်အမှတ်(၈၃)တွင် တည်ထောင်ထားရှိသည့် ဖိုးကျားဆင်စခန်းအား ကြည့်ရှုစစ်ဆေးသည်။ အဆိုပါဆင်စခန်းကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အပန်းဖြေလေ့လာရေးခရီး လာရောက်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆင်များ၏နေထိုင်မှုသဘာဝကို လေ့လာနိုင်ရန်၊ ဆင်သရုပ်ပြအကအလှများအား ကြည့်ရှုလေ့လာနိုင်ရန်၊ ဆင်သစ်ဆွဲခြင်း၊ ဆင်စီးခြင်း၊ ဆင်စာကျွေးခြင်း ဆောင်ရွက်နိုင်ရန် စသည်တို့ကို စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။ ပြည်ထောင်စုဝန်ကြီးသည် ဆင်စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ တည်းခိုဆောင်များပြင်ဆင်ရန်၊ ကြိုးတံတားပြင်ဆင်ရန် နှင့် လေ့လာအပန်းဖြေသူများအား အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်စေရေး ဆင်စခန်းအဆင့်မြှင့်တင် ခြင်းလုပ်ငန်း ဆောင်ရွက်ရန်တို့အတွက် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးသည် ဖိုးကျားဆင်စခန်းမှ ပြန်လည်ထွက်ခွာခဲ့ရာ နေပြည်တော်သို့ ညပိုင်း တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။