ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့အခြေစိုက် United States Institute of Peace (USIP) ၏ အကြီးတန်းအကြံပေးဖြစ်သူ Ms. Priscilla Clapp နှင့်အဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၁၂-၃-၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့အခြေစိုက် United States Institute of Peace (USIP) ၏ အကြီးတန်းအကြံပေးဖြစ်သူ Ms. Priscilla Clapp၊ Country Director ဖြစ်သူ Mr. Jason Tower နှင့်အဖွဲ့အား ယနေ့ ၁၂-၃-၂၀၂၀ ရက်နေ့၊ (၁၁:၃၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန်များ ဖြစ်ကြသော ဦးခင်မောင်ရီ နှင့် ဦးမင်းမင်းဦး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး    ဦးစောဂျွန်ရွှေဘ နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အစိုးရအဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍများ၊ ပတ်ဝန်းကျင်ဆိုင်ရာပဋိပက္ခများ ဖြေရှင်းရေး၊ ငြိမ်းချမ်းရေးလေ့လာမှု သုတေသနလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအစီအစဉ်ဆောင်ရွက်မှုများ၊ နယ်စပ်ဒေသပဋိပက္ခ ဖြစ်ပွားခြင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများအား လေ့လာမည့်အစီအမံများ၊ ဒေသခံများပူးပေါင်းပါဝင်ရေး၊ grass root များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။