GEGG Myanmar ၏ Founder and Honourable Patron ဒေါက်တာနေထွန်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၁၇-၃-၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် Green Economy Green Growth - GEGG Myanmar ၏ Founder and Honourable Patron ဖြစ်သူ ဒေါက်တာနေထွန်းအား ယနေ့ ၁၇-၃-၂၀၂၀ ရက်နေ့၊ (၁၀:၀၀) နာရီ တွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းနှင့် မြန်မာ့သစ်လုပ်ငန်း အထွေထွေမန်နေဂျာ ဦးညီညီထွန်းတို့ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် GEGG Myanmar မှ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းအကောင်အထည်ဖော်မည့် Myanmar Green Resource Institute (MGRI) တည်ထောင်ရေးဆိုင်ရာလုပ်ငန်းများ၊ မြို့ပြသဘာဝ ဥယျာဉ် (Urban Natural Park) အနေနှင့် ရှိပြီးသဘာဝသစ်တောသစ်ပင်များထိန်းသိမ်းရေး၊ ရှားပါး၍ မျိုးဆက်ပျက်သုဉ်းလုဆဲအပင်များ၊ ဝါးမျိုးစိတ်များ၊ ပန်းများထည့်သွင်းစိုက်ပျိုးရေး၊ ငှက်၊ လိပ်ပြာနှင့် အင်းဆက်များ၏ သဘာဝနေရင်းဒေသ ထိန်းသိမ်းရေးလုပ်ငန်းများကို ပြည်သူအစုအဖွဲ့အခြေခံ၍ ဆောင်ရွက်မည့်အစီအမံများ၊ MGRI ကို အထောက်အကူပြုမည့် Centre ၆ ခုတည်ထောင်ရေး၊ တစ်ခုချင်းစီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် သုတေသနဆောင်ရွက်နိုင်မည့်အစီအစဉ်များ၊ မြေနေရာငှားရမ်းရရှိနိုင်မှု အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးကြကြောင်းသတင်းရရှိသည်။