JICA Myanmar ၏ Chief Representative ဖြစ်သူ Mr. Karasawa Masayuki နှင့်အဖွဲ့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၁၉-၃-၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည်  တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency - JICA) Myanmar ၏ Chief Representative ဖြစ်သူ Mr. Karasawa Masayuki နှင့် ၎င်းနေရာတွင် ဆက်လက်တာဝန်ထမ်းဆောင်မည့် Mr. Sakakura Noriji နှင့်အဖွဲ့အား ယနေ့ ၁၉-၃-၂၀၂၀ ရက်နေ့၊ (၁၀:၀၀) နာရီတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်  ဦးခင်မောင်ရီ ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် JICA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းစီမံကိန်းများ၊ အင်းလေးကန်ရေရှည်တည်တံ့ရေးအတွက် ဆောင်ရွက်မည့် နှစ်ရှည်စီမံကိန်းတွင် JICA မှ ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများ၊ ရေအားလျှပ်စစ်ထုတ်လုပ်မှုအတွက် အရေးပါသည့် ရေသယံဇာတထိန်းသိမ်းရေး ဆောင်ရွက်မှုများ၊ ဆက်နွယ်သည့်ဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော်မည့်အစီအစဉ်များ၊ ရွှေအပါအဝင် သတ္တုတူးဖော်ခြင်းကြောင့် မြေဆီလွှာတိုက်စားခြင်း၊ ရေ၊ မြေ ညစ်ညမ်းခြင်းတို့ လျော့နည်းကာကွယ်နိုင်သည့် နည်းပညာအကူအညီများ၊ JICA မှ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက် (Environmental Impact Assessment - EIA) အစီရင်ခံစာ ရေးဆွဲပြုစု အတည်ပြုချက်ရယူမှုများ၊ ကျွမ်းကျင်သူများ စေလွှတ်အကူအညီပေးသည့် အစီအစဉ်များ၊ လေထုညစ်ညမ်းမှု စောင့်ကြည့်ထိန်းချုပ်ရေးဆိုင်ရာ နည်းပညာအကူအညီရယူနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။