သစ်စေ့မြေလုံးများ စိုက်ပျိုးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့်အခမ်းအနား ကျင်းပ

နေပြည်တော် ၁၇-၆−၂၀၂၀

သစ်ပင်ပေါက်ရောက်မှုနည်းပါးသည့် တောင်တန်း၊ တောင်ကုန်းများတွင် သစ်စေ့မြေလုံး (Seed Ball)များ ကြဲချ/စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံ သစ်ပင်ပေါက်ရောက်မှုနည်းပါးသည့် တောင်တန်း၊ တောင်ကုန်းများတွင် သစ်စေ့မြေလုံးများစိုက်ပျိုးခြင်းကို ၂၀၁၉ ခုနှစ်မှ စတင်စမ်းသပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု နှစ် ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှမ်းပြည်နယ်တွင် မေ ၁၈ ရက်မှ ဇွန် ရက်အထိ သစ်စေ့မြေလုံး စုစုပေါင်း ၁၈၇၂၀၀၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မေ ၂၅ ရက်မှ ၂၇ ရက်အထိ သစ်စေ့မြေလုံး စုစုပေါင်း ၆၁၁၅၀၀၊ မကွေးတိုင်းဒေသကြီးတွင် ဇွန် ရက်မှ ၁၃ ရက်အထိ သစ်စေ့မြေလုံး စုစုပေါင်း ၅၁၃၀၀၊ ချင်းပြည်နယ်တွင် မေ ၃ဝ ရက်မှ ဇွန် ရက်အထိ သစ်စေ့မြေလုံး စုစုပေါင်း ၂၀၀၀၀၀ နှင့် နေပြည်တော် ဒက္ခိဏခရိုင်တွင်လည်း သစ်စေ့မြေလုံး ၃၀၀၀၀ ကို စူးထိုးစိုက်ပျိုးခြင်းနည်းဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် သစ်စေ့များကိုသာ အသုံးပြုဆောင် ရွက်ခြင်းဖြစ်ပါကြောင်း၊ မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုများနှင့် တကွ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် သစ်စေ့မြေလုံးများဖြင့် စူးထိုးစိုက်ပျိုးထားရှိမှုအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးရာတွင် သစ်စေ့မြေလုံးဖြင့် စိုက်ပျိုးခြင်းသည် ဌာနတွင် ပုံမှန်ဆောင်ရွက်နေသည့် စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းမျိုးမဟုတ်ကြောင်း၊ မြေအမျိုးအစားညံ့ဖျင်းသည့်နေရာ၊ မတ်စောက်သောနေရာများ၊ သတ္တုတူးဖော်ပြီးစီး၍ စွန့်ပစ်သောနေရာနှင့် အပင်များသဘာဝအတိုင်း ပြန်လည်ဖြစ်ထွန်းရန် ခက်ခဲသည့်နေရာများတွင်သစ်ပင်များ ပြန်လည်ပေါက်ရောက်လာစေရန် စိုက်ပျိုးသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ သစ်စေ့မြေလုံးဖြင့် စိုက်ပျိုးခြင်းသည် စိုက်ခင်းတည်ထောင်သည့် ကုန်ကျစရိတ်ထက် အဆများစွာသက်သာကြောင်း၊ ထိုနည်းစနစ်ကို စိုက်ပျိုးမည့် နေရာတစ်ခုထဲတွင် အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ တစ်ဆက်တည်း ဆောင်ရွက်သင့်ကြောင်း၊ အပင်ပေါက်နှုန်း ကောင်းသော နိုက်ထရိုဂျင်ဓာတ်ဖြည့်တင်းပေးသည့် ပဲမျိုးရင်းဝင် အပင်မျိုးစေ့များကို အဓိကထည့်၍ ဆောင်ရွက်သင့် ကြောင်း၊ တောမီးလောင်နိုင်သည့်နေရာများနှင့် တိရစ္ဆာန်များ ဖျက်ဆီးနိုင်သည့်နေရာများတွင် ဂရုစိုက်ရန်လိုအပ်ကြောင်း။

သစ်စေ့မြေလုံးဖြင့် စိုက်ပျိုးခြင်းတွင် ပစ်ကြဲစိုက်ပျိုးခြင်း၊ စူးထိုးစိုက်ပျိုးခြင်းနှင့် ဝေဟင်မှကြဲ၍ စိုက်ပျိုးခြင်း နည်းသုံးနည်းရှိပါကြောင်း၊ သစ်စေ့မြေလုံး စိုက်ပျိုးခြင်းဖြင့် အပင်ရှင်သန်မှုမရှိသည့်တိုင်အောင် မြေလုံးတွင်ပါဝင်သည့် မြေဆွေးအား မြေအမျိုးအစား ညံ့ဖျင်းသည့်နေရာတွင် ဖြည့်စွက်ပေးနိုင်ကြောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည် ရေးဦးစီးဌာနများတွင် သစ်စေ့မြေလုံးနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်း၊ စာတမ်းပြုစုတင်ပြလိုကြောင်း ဆွေးနွေးခဲ့သည်။

သတင်းစဉ် (ကြေးမုံ)