ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnes မှ Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၄-၆-၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၄--၂၀၂၀ ရက်နေ့ (၁၁:၀၀) နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် နော်ဝေနိုင်ငံသံရုံးမှ Development Counsellor ဖြစ်သူ Mr. Vegard Pedersen တို့အား Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနှင့်နော်ဝေအကြား ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွှန်လွှာအရ နော်ဝေပတ်ဝန်ကျင်ရေးရာအေဂျင်စီနှင့် နော်ဝေ ရေသုတေသနဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်း၊ ရေသယံဇာတ အရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် သင်တန်းပေးခြင်း၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စီမံအုပ်ချုပ်ခြင်းစီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ဒုတိယအဆင့် အကောင်အထည်ဖော်သည့် အစီအစဉ်များ၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်း၏ အရေးပါမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ သဘာဝထိန်းသိမ်းရေး နယ်မြေအား ကမ္ဘာ့သဘာဝယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းရေး၊ ဒီရေတောစီမံအုပ်ချုပ်ရေးနှင့် ပြန်လည်တည်ထောင်ရေး၊ ရေဓာတ်ခွဲခန်းပစ္စည်းကိရိယာများ တပ်ဆင်ရေးပူးပေါင်း ဆောင်ရွက်မည့်အစီအစဉ်များ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍအတွက် အချက်အလက်စနစ် တည်ထောင်ဆောင်ရွက်ခဲ့မှုနှင့်အလားတူ ပတ်ဝန်းကျင်ဆိုင်ရာ စာရင်းအင်းပြုစုနိုင်ရေး နည်းပညာနှင့် ရန်ပုံငွေပံ့ပိုးပေးနိုင်မှုများ၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ရေး ဆောင်ရွက်မည့်လုပ်ငန်းများ၊ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် (Nationally Determined Contributions - NDC) အစီရင်ခံစာ ပြုစုလျက်ရှိသည့် အခြေအနေနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်ဆိုင်ရာ နည်းပညာအကူအညီ ရယူနိုင်မှုများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်းသတင်း ရရှိသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်း တို့ တက်ရောက်ကြသည်။