မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဂေဟစနစ် ဖြည့်တင်းရေး စိုက်ခင်း ဧက (၁၀၀) စိုက်ပျိုး

နေပြည်တော်၊ ၁၁−၇−၂၀၂၀

နေပြည်တော် - ကံပြားလမ်း၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၃၀) အတွင်းရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း၏ လှူဒါန်းငွေဖြင့် တည်ထောင်သည့် ၂၀၂၀ ပြည့်နှစ် ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ဧက (၁၀၀) စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည်။

စိုက်ပျိုးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် သစ်တောဦးစီးဌာနမှ အရာထမ်းများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး သတ်မှတ်သစ်ပင်များကို စိုက်ပျိုးပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် - ကံပြားလမ်း၊ ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၃၀) အတွင်းရှိ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် တည်ထောင်သည့် ၂၀၂၀ ပြည့်နှစ် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်း (၁၀၀) ဧကတွင် စိုက်ပျိုးထားရှိသည့် သစ်ပင်များ၏ ရှင်သန်နေမှု၊ နုန်းထိန်းတမံများ ဆောင်ရွက်ထားရှိမှုနှင့် ရေတိုက်စားနိုင်သည့် နေရာများတွင် ဗာတီဗာမြက်များ စိုက်ပျိုးထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း ဧက (၁၀၀) စိုက်ခင်းရှင်းလင်းဆောင်တွင် သစ်တောဦးစီးဌာန၊ သဘာဝတောနှင့် စိုက်ခင်းလုပ်ငန်းဌာန ညွှန်ကြားရေးမှူးမှ ၂၀၁၉ ခုနှစ် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်း ဧက (၁၀၀) ၏ လုပ်ငန်းရာသီအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၀ ပြည့်နှစ် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်း ဧက (၁၀၀) လုပ်ငန်းဆောင် ရွက်ပြီးစီးမှုတို့အား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းများ ပေါင်းသင်ရှင်းလင်းခြင်းလုပ်ငန်း၊ သေပင်များဖာထေးခြင်းလုပ်ငန်းနှင့် ရေရရှိရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ထားရှိရန်၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း လာမည့်နှစ်များတွင် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသူများနှင့်အတူ ၂၀၁၉ ခုနှစ် ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ဧက (၁၀၀) တွင် စိုက်ပျိုးထားသည့် သစ်မာမျိုးစုံ (၉၇) မျိုးတို့၏ ရှင်သန်အောင်မြင်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ (သတင်းစဉ်) ​နေပြည်တော်