ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်နှင့် ချောက်မြို့နယ်များအတွင်းရှိ အထူးစိမ်းလန်းစိုပြည်ရေးဇုန်အား ကြည့်ရှု၊ ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်စခန်းနှင့် မိုးရာသီစိုက်ခင်းများအား ကြည့်ရှု

နေပြည်တော် ၊ ၁၅.၈.၂၀၂၀

၁။    သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၁၅.၈.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ရေနံချောင်းမြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၁/၇) မှ (၇/၀) အကြား အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရေနံချောင်းမြို့ အထူးစိမ်းလန်းစိုပြည်ရေးဇုံ (Greening Complex Zone) (၄၁၇၀)ဧက (၂၀၁၉-၂၀၂၀ မှ ၂၀၂၃-၂၀၂၄ထိ) (၅)နှစ် စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ရာ ‌ရှေးဦးစွာ ရေနံချောင်းမြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၆/၃) အနီးရှိ စီမံကိန်းယာယီရှင်းလင်းဆောင်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန တာဝန်ရှိသူများမှ အထူးစိမ်းလန်းစိုပြည်ရေးဇုံအတွင်း စိုက်ခင်းတည်ထောင်ခြင်း၊ သဘာဝတောကျန်များထိန်းသိမ်းခြင်း၊ ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေးနှင့်ရေရရှိရေးဆောင်ရွက်ခြင်း၊ ရေနှင့်မြေဆီလွှာထိန်းသိမ်းရေး နုန်းတားတမံများ ပြုလုပ်ခြင်းများနှင့်စပ်လျဉ်း၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ထားရှိနိုင်မှုများနှင့် စီမံကိန်းဧရိယာဒေသန္တရဆိုင်ရာနှင့် ရာသီဥတုဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ရေနံချောင်းမြို့သည် မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသတွင် တည်ရှိသည့်အားလျှော်စွာ သဲကန္တာရ ဖြစ်ထွန်းနိုင်ခြေ အများဆုံးရှိသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စီမံကိန်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေနံချောင်းမြို့အား အပူပိုင်းဒေသတွင် အိုအေးစစ်လေးတစ်ခု ဖြစ်ထွန်းလာစေရန် ရည်မှန်း၍ အားပေးကူညီလျက်ရှိကြောင်း၊ စီမံကိန်းဧရိယာအတွင်း သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်း၊ ရေရှိရေးလုပ်ငန်းများ ဆောင်ရွက်သကဲ့သို့ သဘာဝတောကျန်များ ထိန်းသိမ်းခြင်းကိုလည်း အထူးပြုလေးထားစေလိုကြောင်း၊ သဘာဝအလျောက် ပေါက်ရောက်ရှင်သန်လာသည့် အပင်များကို ရှင်သန်ကြီးထွားအောင် ထိန်းသိမ်းခြင်းဖြစ်သည့်အတွက် စိုက်ခင်းကဲ့သို့ ငွေကုန်ကြေးကျမများဘဲ ထိ‌ရောက်မှုရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထိန်းသိမ်းကာကွယ်ခြင်း ထိရောက်မှုအား စနစ်တကျ တိုင်းတာမှတ်တမ်းတင်ရန် လိုအပ်ကြောင်း၊ သို့မှသာ သိသာထင်ရှားသည့်ရလဒ်ကို ပြသနိုင်မည်ဖြစ်ကြောင်း၊ စိမ်းလန်းစိုပြည်ရေး စီမံကိန်းလုပ်ငန်းများကို ဘေးပတ်ဝန်းကျင်ဧရိယာများအထိ ဆက်လက်တိုးချဲ့နိုင်စေရန် ဆက်စပ်ဌာနဆိုင်ရာများနှင့် ညှိနှိုင်း၍ဆောင်ရွက်စေလို ကြောင်း၊ (၅) နှစ်ကာလအတွင်း ထင်ရှားသည့် ရလဒ်များပြနိုင်သည့် စီမံကိန်းတစ်ခုအဖြစ် အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ၂၀၂၀ မိုးရာသီတွင် စိုက်ပျိုးတည်ထောင်ထားသည့် အထူးစိမ်းစိုက်ခင်း အပင် ၁၂၀၀၀ စိုက်ပျိုးထားမှုအား စစ်ဆေးကြည့်ရှု့ခဲ့ပြီး အပင်များ အောင်မြင်စွာ ရှင်သန်ကြီးထွားရေးအတွက် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် စီမံကိန်းဧရိယာအတွင်း အမှတ်တရသစ်ပင်စိုက်ပျိုးခဲ့သည်။

၂။      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောက်မြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေး စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ ရှေးဦးစွာ တာဝန်ရှိသူများမှ ရွှေပုံတောင်၊ ဂဲကြီးကုန်းရေရရှိရေး ဧရာဝတီမြစ်ရေ တင်ဆောင်ရွက်မှု နှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၀ ခုနှစ် မိုးရာသီအကြိုရေလောင်းစိုက်ပျိုးခဲ့သည့် ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေး ၂/၂၀၂၀ အပင်ကြီး (၂၄၃) ပင် စိုက်ပျိုးရှင်သန်အောင်မြင်နေမှုများအားလည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လူမှူရေးတာဝန်သိမှုအစီအစဉ် Cooperate Social Responsibility (CSR) အစီအစဉ်ဖြင့် ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၁၉ ခုနှစ် မိုးရာသီတွင် ‌စိုက်ပျိုးခဲ့သည့် သစ်မျိုးစုံ (၆၀၅) ပင် ရှင်သန်အောင်မြင်နေမှုများအားလည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့သည်။

၃။      နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့သစ်လုပ်ငန်း၏ ညောင်ဦးမြို့နယ်၊ ပလင်းကမ်းသာယာဆင်စခန်းသို့ ရောက်ရှိခဲ့ရာ မြန်မာ့သစ်လုပ်ငန်းတာဝန်ရှိသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ သစ်ထုတ်လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ၂၀၂၀-၂၀၂၁ သစ်ထုတ်မည့်အစီအစဉ်များ၊ ပလင်းကမ်းသာယာဆင်စခန်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဆင်များ၏ ကျန်းမာရေးကို ပုံမှန်စစ်ဆေး အလေးထားဆောင်ရွက်ရန် တို့ကိုလမ်းညွှန်မှာ ကြားခဲ့သည်။

၄။    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော်စိုက်ပျိုးလျက်ရှိသော Japan International Forestry Promotion and Cooperation JIFPRO ၏အထောက်ပံ့ဖြင့် ဆောင်ရွက်လျက်ရှိသော ၂၀၁၉ ခုနှစ် မိုးရာသီတွင် (၆၀)ဧက (၁၈၀၀၀)ပင် နှင့် ၂၀၂၀ မိုးရာသီ (၆၀)ဧက (၁၈၀၀၀)ပင် စိုက်ခင်း (ယူကလစ်၊ လျှော်ဖြူ၊ ရှား၊ ဒဟတ် သစ်မျိုးစုံ)အား ကြည့်ရှု့စစ်ဆေးခဲ့ပြီး ယခုကဲ့သို့ နိုင်ငံတကာမှ အကူအညီ အထောက်အပံ့ဖြင့် ကျေးရွာများအတွက် စိုက်ခင်းများ စိုက်ပျိုးတည်ထောင်ပေးသည့် စီမံကိန်းများ ထပ်မံရရှိအောင် ယခုစီမံကိန်းမှ ရလဒ်ကောင်းများပြနိုင်ရန် လိုအပ်ကြောင်း၊ ရေရှည်တွင် ကျေးရွာများသို့ စိုက်ခင်းများလွှဲပြောင်းပေးရာတွင်လည်း စနစ်တကျဖြစ်စေရန် အတွက် စီမံအုပ်ချုပ်လုပ်ကိုင်မည့် စီမံချက်များကို ဒေသခံများနှင့် ညှိနှိုင်း၍ကြိုတင်ပြင်ဆင်ရေး ဆွဲထားရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။