ဟိန္ဒူကပ်ရှ်ဟိမဝန္တာဒေသတွင်း ဝန်ကြီးများ၏ တောင်တန်းဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း Video-Conferencing ဖြင့် မိန့်ခွန်းပြောကြား

နေပြည်တော်၊ ၁၅−၁၀−၂၀၂၀

ဟိန္ဒူကပ်ရှ်ဟိမဝန္တာဒေသတွင်း ဝန်ကြီးများ၏ တောင်တန်းဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေး-၂၀၂၀ ခုနှစ် (Hindu Kush Himalaya Ministerial Mountain Summit 2020)ကို အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (International Center for Integrated Mountain Development - ICIMOD) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် Video Conferencing ဖြင့် ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းက ယခုအစည်အဝေးသည် ဟိန္ဒူကပ်ရှ်ဟိမဝန္တာတောင်တန်းဒေသ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်ရေးနှင့် တောင်တန်းဒေသဂေဟစနစ်များ ရေရှည်တည်တံ့ရေးတို့အတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းလာစေရန် တွန်းအားဖြစ်စေကြောင်း၊ မြန်မာနိုင်ငံသည် ICIMOD စတင်တည်ထောင်ရာတွင်ပါဝင်ခဲ့သည့် အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ICIMOD နှင့်လက်တွဲ၍ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချတိုက်ဖျက်ရေး၊ တောင်တန်းဒေသရှိ ဒေသခံပြည်သူများ၏ လူမှုစီပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရေဝေရေလဲဒေသများထိန်းသိမ်းရေးအစရှိသည့် လုပ်ငန်းနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်းနိုင်ငံများ လက်တွဲဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကို ညှိနှိုင်းအကောင်အထည်ဖော်ပေးသည့်အတွက် ICIMOD ကို ကျေးဇူးတင်ရှိကြောင်း၊ ICIMOD ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒေသတွင်းမှ ပညာရှင်များ ပြုစုရေးဆွဲထားသည့် ဟိန္ဒူကပ်ရှ်ဟိမဝန္တာဒေသတွင်းလုပ်ငန်းအစီအစဉ် (HKH Call to Action)သည် တောင်တန်းဒေသ ဂေဟစနစ်များ ရေရှည်တည်တံ့ရေးနှင့် တောင်တန်းဒေသနေ ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းလာစေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ဟိန္ဒူကပ်ရှ် ဟိမဝန္တာဒေသတွင်းဝန်ကြီးများ၏ ထုတ်ပြန်ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးများ၏ ထုတ်ပြန်ကြေငြာချက်တွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရန်နှင့် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သုံးသပ်ဆွေးနွေးရန်အတွက် ဝန်ကြီးများ အစည်းအဝေးကို နှစ်နှစ် တစ်ကြိမ်ကျင်းပရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာဆွေးနွေးပွဲ များ၊ ကုလသမဂ္ဂဆွေးနွေးပွဲများတွင် ဟိန္ဒူကပ်ရှ် ဟိမဝန္တာဒေသအား စည်းလုံးညီညွတ်စွာဖြင့် ကိုယ်စားပြုရန်၊ တောင်တန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်မည့် မူဝါဒများ ဖော်ထုတ်ရာတွင် သိပ္ပံနည်းကျတွေ့ရှိချက်များကို ပိုမိုထည့်သွင်းစဉ်းစားနိုင်ရန်အတွက် အဖွဲ့အစည်းပေါင်းစုံ ပါဝင်သော ဟိန္ဒူကပ်ရှ် ဟိမဝန္တာဒေသတွင်း သိပ္ပံရေးရာနှင့် မူဝါဒရေးရာဖိုရမ် (HKH Science – Policy Forum)ကို ပုံမှန်ကျင်းပရန်၊ ဒေသတွင်း (၈)နိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်များဖြင့် လုပ်ငန်းအဖွဲ့ (Task Foce)ဖွဲ့စည်း၍ ဟိန္ဒူကပ်ရှ် ဟိမဝန္တာလုပ်ငန်း အစီအစဉ် (HKH Call to Action) အကောင်အထည်ဖော်ရန်အတွက် ဒေသတွင်း အဖွဲ့အစည်းစနစ် တစ်ခုထူထောင်နိုင်ရေး ဖြစ်နိုင်ဖွယ်အလားအလာများကို လေ့လာဆန်းစစ်ရန်တို့ကို ထည့်သွင်း ဖော်ပြထားသည်။

ဟိန္ဒူကပ်ရှ်ဟိမဝန္တာဒေသတွင်း ဝန်ကြီးများ၏ တောင်တန်းဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါနှင့် ပါကစ္စတန်နိုင်ငံတို့မှ ဝန်ကြီးများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၊ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။