Group of 77 (G-77) အဖွဲ့ဝင်နိုင်ငံများ ရာသီဥတုပြောင်းလဲမှု လျော့နည်းသက်သာစေရေး ၂၀၃၀ အစီအစဉ်တွင် ကာဗွန်ထုတ်လွှတ်မှု နည်းပါးသော ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်အား ထိန်းကြောင်းခြင်း ဝန်ကြီးအဆင့် အွန်လိုင်းအစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ ၂၉.၁၀.၂၀၂၀

ကမ္ဘာ့ကုလသမဂ္ဂတွင် ဘုံအကျိုးစီးပွားအတွက် စေ့စပ်ညှိနှိုင်းဆွေးနွေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်တို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများဖြင့်ဖွဲ့စည်းထားသည့် Group of 77 (G-77) အဖွဲ့ဝင်နိုင်ငံများအကြား ရာသီဥတုပြောင်းလဲမှုလျော့နည်းသက်သာစေရေး ၂၀၃၀ အစီအစဉ်တွင် ကာဗွန်ထုတ်လွှတ်မှု နည်းပါးသော ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်အား ထိန်းကြောင်းခြင်း (Maintaining a Low Carbon Development Path towards the 2030 Agenda in the era of COVID-19) ဝန်ကြီးအဆင့် ကျင်းပပြုလုပ်သည့် (Virtual Flagship Ministerial Meeting) အွန်လိုင်းအစည်းအဝေးအား ၂၀၂၀ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက် မြန်မာစံတော်ချိန် (၁၇:၃၀) တွင်ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်ခဲ့သည်။

အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို (G-77) ဥက္ကဌအဖြစ်တာဝန်ယူထားသော the Cooperative Republic of Guyana နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီ:ဌာနဝန်ကြီးမှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး the Cooperative Republic of Guyana နိုင်ငံသမ္မတ၊ ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အလှည့်ကျဥက္ကဌဖြစ်သူ ချီလီနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး (G-77) အဖွဲ့ဝင် ဝန်ကြီးအဆင့် အစည်းအဝေးဖြစ်သည့် ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 နှင့်စပ်လျဉ်းသည့် အလေးအနက်တိုက်တွန်းချက်များ (Framing the Discourse) အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဖွံဖြိုးတိုးတက်မှုအစီအစဉ်တိုင်းတွင် ရာသီဥတုပြောင်းလဲမှု နှင့်စပ်လျဉ်း၍ မူဝါဒနှင့် နည်းဗျူဟာများကို ပေါင်းစပ်ထည့်သွင်းနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်ကတည်းက တိကျပြတ်သားသည့် မူဘောင်များချမှတ်ထားခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ နှင့်အနာဂတ်မျိုးဆက်တို့အတွက်  ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိသော၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော လူ့ဘောင်အဖွဲ့အစည်းဖြစ်ရန်ရေရှည်ရည်မှန်းချက်များထားရှိပြီး လုပ်ဆောင်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသည့် မိုးကြီးရေလျှံခြင်း၊ မိုးခေါင်ခြောက်သွေ့ခြင်း၊ မုန်တိုင်းများတိုက်ခက်ခြင်း၊ မြေပြိုခြင်းများသည် ယခင်ကထက် ပိုမိုဖြစ်ပွားလာပြီး ထိခိုက်ဆုံးရှုံးများမှာလည်း ယခင်ကထက် ပိုမိုများပြားပြင်းထန်လာခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ထိခိုက်ပျက်စီးလွယ်မှုနှင့် ဆုံးရှုံးနိုင်ခြေရှိမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ရေရှည်တွင် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုလျော့ချရေးအတွက် ဆောင်ရွက်ရမည်ဖြစ်သလို လတ်တလောတွင်လည်း ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးကိုလည်းချက်ခြင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များ ခံစားနေရသည့် နိုင်ငံများအနေဖြင့် သစ်တောအတန်းအစားကျဆင်းမှုများမှ ကာဗွန်ထုတ်လွှတ်မှုလျော့ချရေးအပါအဝင် သဘာဝအား အခြေခံသည့်ဆောင်ရွက်မှုများ  Nature-based Solutions များ တိုးမြှင့်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသောဖွံ့ဖြိုးမှု ၂၀၃၀ အစီအစဉ်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် နေနှင့်လေစွမ်းအင်အရင်းအမြစ်များ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက COVID 19 အလွန်ကာလများတွင် စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေး ကုစားဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိသော အစီအစဉ်များထည့်သွင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် အလားအလာရှိသော အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် အချိန်တိုအတွင်း ထိရောက်သိသာထင်ရှားသည့် ရလဒ်များရရှိနိုင်မည်ဟုကျွန်တော်တို့အနေဖြင့် ယုံကြည်ပါကြောင်း၊ တကမ္ဘာလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပါရီသဘောတူညီချက်နှင့် COVID-19  ရောဂါ တိုက် ဖျက်မှုတို့အပေါ် အောင်မြင်နိုင်မည်ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံအပါအဝင် (G-77) အဖွဲ့ဝင် (၁၀)နိုင်ငံတို့မှ ဝန်ကြီးအဆင့် ကိုယ်စားလှယ်များ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။