သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၏ ပြည်တွင်းခရီးစဉ်

(၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်၊ တို့လိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအကွက် အမှတ် ၂၉ ၊၃၀ ရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့်စိုက်ပျိုး တည်ထောင်ခဲ့သော ၂၀၁၉ ခုနှစ်၊ ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ၁၀၀ ဧကနှင့် ၂၀၂၀ ပြည့်နှစ်၊ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း ၁၀၀ ဧကတို့၏ ဖြစ်ထွန်းအောင်မြင်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး၊ နေပြည်တော်ကောင်စီနယ်မြေက ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ရှင်းလင်းတင်ပြမှုအပေါ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ပြီး အတူလိုက်ပါလာသော ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ပါမောက္ခချုပ်တို့က ထပ်မံအကြံပြုဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သစ်တောများကာကွယ်ထိန်းသိမ်းခြင်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရာတွင်လည်း အမြင့် ၂ ပေခန့် ပျိုးပင်များဖြင့် စိုက်ပျိုး ဆောင်ရွက်ရန်နှင့် တစ်ပင်စိုက် တစ်ပင်ရှင်အောင် ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှု Climate Change နှင့်ပတ်သက်၍ သစ်တောသစ်ပင်များ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးကြီးကြောင်း၊ တရားမဝင်သစ်ဖမ်းဆီးရေး ကိစ္စများအား အထူးအလေးထားဆောင်ရွက်ရန်နှင့် လုံခြုံရေးသတိအမြဲရှိရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် သစ်တောများ ပြုန်းတီးရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သော မြေအသုံးချမှု ပြောင်းလဲခြင်းကိုလည်း အထူးဂရုပြုစိစစ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းလုပ်ငန်းများကိုလည်း ဆက်လက်ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်-ကံပြားလမ်း၊ မြို့သစ် ကြိုးဝိုင်းအကွက်အမှတ် ၅ ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ စိုက်ပျိုးတည်ထောင် ထားသော ၂/၂၀၁၈ အခြားစိုက်ခင်း ၂၀ ဧကနှင့် ၂၀၁၉ ခုနှစ်၊ သစ်မျိုးစုံစိုက်ခင်း၏ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ညွှန်ကြား‌ရေးမှူး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးက ရှင်းလင်းတင်ပြခဲ့သည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံချောင်းမြို့နယ်၊ မကွေး-ရေနံချောင်း ကားလမ်း၊ မိုင်တိုင် ၃၅၃/၀ အနီး ဖန်ခါးစမ်းပျိုးဥယျာဉ်ရှိ ပျိုးပင် ၁ သိန်း ပျိုးထောင်ထားရှိမှုနှင့် အထူးစိမ်းလန်းစိုပြည်ရေးဇုန်စီမံကိန်း Greening Complex Zone တွင် စိုက်ပျိုးမည့် ပျိုးပင်ကြီးများ ပျိုးထောင်ထားမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေနံချောင်းမြို့ရှောင်လမ်း မိုင်တိုင် ၆/၃ အနီး အထူးစိမ်းလန်း စိုပြည်ရေးဇုန်စီမံကိန်း Greening Complex Zone သို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက စီမံကိန်းနှင့်ပက်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ သစ်တောစိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်း ဆောင်ရွက်သည့် ရည်ရွယ်ချက် ၈ ချက်အတိုင်း ဆောင်ရွက်ထားရှိမှုများအား ဆက်လက်ကြိုးစားဆောင်ရွက်သွားရန်နှင့် ဒေသစိမ်းလန်းစိုပြည်ရေးအတွက် ပြည်သူလူထုကိုစည်းရုံး၍ ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းဧရိယာအတွင်း ၂၀၂၀ ပြည့်နှစ်က ပျိုးပင်ကြီးများဖြင့်စိုက်ပျိုးခဲ့သော အပင်များ၏ ဖြစ်ထွန်းအောင်မြင်မှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ၂၀၂၁ ခုနှစ်အတွက် မိုးကြိုရေလောင်းစိုက်ပျိုးမည့် အပင်များအတွက် ကြိုတင်အဖွင့်စိုက်ပျိုးပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆက်လက်ထွက်ခွာလာရာ ချောက်မြို့နယ်၊ ကျောက်တန်းအုပ်စု၊ ကန်သာကျေးရွာရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တည်ထောင်ပေးထားသော ဂါလန် ၅၀၀၀ ဆန့် မိုးရေစုကန်၏ ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောက်မြို့နယ်၊ ရွှေပုံတောင်အနီး ၂၀၂၀ ပြည့်နှစ်က မိုးကြိုရေလောင်းစိုက်ပျိုးခဲ့သည် အထူးစိမ်းအပင်ကြီး ၂၄၃ ပင်၏ ဖြစ်ထွန်း အောင်မြင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေးနယ်မြေသို့ရောက်ရှိရာ တာဝန်ရှိသူတို့က အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၏ ပင်မလုပ်ငန်းစဉ် ၄ ရပ်နှင့် ရွှေပုံတောင်စိမ်းလန်းစိုပြည်ရေးနယ်မြေ၏ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောက်မြို့နယ်၊ ရွှေပုံတောင်အမြဲတမ်းပျိုးဥယျာဉ်ရှိ ပျိုးပင် ၁ သိန်း ပျိုးထောင်ထားရှိမှုနှင့် ၂၀၁၉ ခုနှစ်၊ CSR ရန်ပုံငွေဖြင့် စိုက်ပျိုးခဲ့သည့် သစ်မျိုးစုံ စိုက်ကွက်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လက်ရှိဆောင်ရွက်နေသည်များကို ဆက်လက်၍ ကြိုးစားဆောင်ရွက် သွားရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့သည်။ ၂၀၂၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ သစ်တောဦးစီးဌာနနှင့် Japan International Forestry Promotion and Cooperation Center - JIFPRO တို့ ပူးပေါင်းဆောင်ရွက်ထားသည့် လက်ထုတ်နှင့်ခက်လန်းကန် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်းစီမံကိန်း ၂၄၀ ဧက၏ ဖြစ်ထွန်းအောင်မြင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြခဲ့သည်။ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူလူထု၏ စိတ်ဝင်စားမှုပိုမိုရရှိအောင် ဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုပိုမိုရရှိစေရေးအတွက် ရရှိလာမည့်အကျိုးကျေးဇူးများကို ဒေသခံပြည်သူလူထုအား သိရှိနားလည်အောင် ရှင်းလင်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဉီးမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းက တည်ထောင်ထားသော ပလင်းကမ်းသာယာဆင်စခန်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှ တိုင်းတာဝန်ခံများက မိမိတို့တိုင်းဒေကကြီးအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဉီးမြို့နယ်၊ သစ်တောဉီးစီးဌာနက တည်ထောင်ထားသော နဘူးတောအမြဲတမ်းပျိုးဉယျာဉ်ရှိ လူထုဖြန့်ပျိုးပင် ၆၅၀၀၀ ပျိုးထောင်ထားရှိမှုအခြအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။