သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၏ ပြည်တွင်းခရီးစဉ်

၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး‌ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ် မေလ ၂၁ ရက် နေ့လည်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် တွေ့ဆုံ၍ ၂၀၂၁ ခုနှစ် မိုးရာသီ၌ မကွေးတိုင်းဒေသကြီးအတွင်း လမ်းဘေးဝဲ/ယာ တစ်အုပ်တစ်မစိုက်ခင်းနှင့် ကျေးရွာသုံးထင်းစိုက်ခင်းများ တည်ထောင်မည့်စီမံချက်များ အောင်မြင်စေရေးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ထန်းပင်များ မျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရေး၊ ရေရှည်တည်တံ့စေရေးတို့အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် အပြန်အလှန် ပေါင်းစပ်ကူညီရမည့် ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးပြီး တက်ရောက်သူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌတို့က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ သစ်တောသုတေသနဌာန၏ ဒီဇိုင်းနှင့် နည်းပညာ အကူအညီဖြင့် တည်ထောင်ထားသော ထင်းလောင်စာသုံးစွဲမှုကို ၄၀% လျော့ချနိုင်သည့် မြန်မာမြေစွမ်းအားမြှင့် အေဝမ်းမီးဖို ထုတ်လုပ်ရေးလုပ်ငန်းသို့ ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ စွမ်းအားမြှင့်မီးဖိုများ သုံးစွဲခြင်းဖြင့် ဒေသခံပြည်သူများ၏ ထင်းသုံးစွဲမှုကို လျော့ကျစေသဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် များစွာအထောက် အကူပြုကြောင်း၊ သစ်တောသုတေသနဌာနအနေဖြင့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုထုတ်လုပ်နေမှုအပေါ် ထုတ်လုပ်သူများ၏ ဆန်းသစ်တီထွင်မှုအလိုက် စွမ်းအင်ချွေတာနိုင်မှုနှင့် အားနည်းချက်၊ အားသာချက်များကို သုတေသနဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရရှိလာသော သုတေသနရလာဒ်များအပေါ် အခြေခံ၍ ပိုမိုကောင်းမွန်သော နည်းပညာအကြံဉာဏ်များ၊ သင်တန်းများ ပေးသွားရန် လိုအပ်ကြောင်း မှာကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ်ရှိ ရွှေတပင် အမြဲတမ်းပျိုးဥယျာဉ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် ပျိုးထောင်ထားရှိသော ပျိုးပင် (၄၀၀၀၀)ကျော်၏ ရှင်သန်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ် ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တော အတွင်း တည်ထောင်စိုက်ပျိုးထားသော ၂၀၁၉ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ် တောင်တန်းစိုက်ခင်း (၁၀၀)ဧက အောင်မြင်ရှင်သန်မှု အခြေအနေနှင့် ၂၀၂၁ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် (၁၀၀)ဧကအတွက်  စီစဉ်ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးကအပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ ရည်မှန်းချက် တစ်ခုဖြစ်သော အပူပိုင်းဒေသရှိတောင်တန်းများစိမ်းလန်းစိုပြည်ရေးအတွက် တောင်တန်းစိုက်ခင်းများ တည်ထောင် ရေးသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ စိုက်ခင်းများ တည်ထောင်ခြင်းနှင့်အတူ သဘာဝတောကျန်များ ကာကွယ်ထိန်းသိမ်းခြင်းမှာလည်း အရေးပါသဖြင့် သဘာဝတောကျန်များ ကာကွယ် ထိန်းသိမ်းရေးကိုလည်း အထူးအလေးပေး ဆောင်ရွက်ရန် မှာကြားသည်။

          ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် တည်ဘိုကန် ကြိုးပြင်ကာကွယ်တောအတွင်း တည်ထောင်ထားသော ၂၀၁၉ခုနှစ် ကျေးရွာသုံးထင်းစိုက်ခင်း (၃၀)ဧက၊ ၂၀၂၀ပြည့်နှစ် ကျေးရွာသုံးထင်းစိုက်ခင်း (၃၀)ဧကတို့၏ အောင်မြင်ဖြစ်ထွန်းမှုနှင့် ၂၀၂၁ခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် ဧက(၃၀)အတွက် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ စိုက်ခင်းများအား ကျေးရွာ(၃)ရွာရှိ အိမ်ထောင်စု (၁၈၀၀)အတွက် ထင်းအသုံး ပြုနိုင်ရန် လွှဲအပ်မည် ဖြစ်ကြောင်း သိရသည်။