သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၏ ပြည်တွင်းခရီးစဉ်

(၂၀၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆန်ဘေးမဲ့တောသို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုံးဝကာကွယ်ထိန်းသိမ်းရမည့်မျိုးစိတ်များနှင့် နေရာဒေသများ၊ ဂေဟစနစ်တည်ရှိမှုပေါ်မူတည်၍ ထိန်းသိမ်းဆောင်ရွက်ရမည့် မျိုးစိတ်နှင့်နေရာဒေသများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သုတေသနဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ သဘာဝအခြေခံ ခရီးသွားလာရေးကိစ္စရပ်များ၊ ဒီရေတော၏ တန်ဖိုး၊ အရေးပါမှု၊ ပတ်ဝန်းကျင်နှင့်လူသားတို့အတွက် အကျိုးရှိမှုတို့အား ဒေသခံပြည်သူတို့ သိရှိနားလည်စေရန် ပညာပေးဟောပြောမှုများပြုလုပ်ရေးကိစ္စရပ်များနှင့် ပက်သက်၍ လမ်းညွှန် မှာကြားသည်။ မိန်းမလှကျွန်းတောရိုင်းတိရစ္ဆန်ဘေးမဲ့တောသည် ၂၀၀၃ ခုနှစ် တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရမ်ဆာဒေသ အဖြစ်လည်းကောင်း နိုင်ငံတကာအဖွဲ့အစည်းများက သတ်မှတ်ခဲ့ပြီး သဘာဝဒီရေတောများနှင့် နို့တိုက်သတ္တဝါ ၁၈ မျိုး၊ တွားသွားသတ္တဝါ ၃၈ မျိုး၊ ငှက်မျိုးစိတ် ၁၉၀ မျိုး၊ ငါးမျိုးစိတ် ၁၁၂ မျိုး၊ ပုဇွန်မျိုးစိတ် ၁၄ မျိုး၊ ဂဏန်းမျိုးစိတ် ၆ မျိုးနှင့် လိပ်ပြာမျိုးစိတ် ၃၅ မျိုး အား ထိန်းသိမ်းကာကွယ်ထားရှိသည်။

ဆက်လက်၍ပြည်ထောင်စုဝန်ကြီးသည် ဗြုံးမွှေးကျွန်းပေါ်ရှိ ဒီရေတောပျိုးဥယျာဉ်အတွင်း သစ်မျိုး ၉ မျိုး၊ ပျိုးပင် ၁၀ သိန်းကျော် ပျိုးထောင်ထားရှိမှုအခြေအနေ၊ Cyclone Shelter တည်ဆောက် ထားရှိမှုအခြေအနေနှင့် သဘာဝဒီရေတောများ ကာကွယ်ထိန်းသိမ်းထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် ၃၈ ရှိ သစ်တော ဦးစီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)တို့ ပူးပေါင်း စိုက်ပျိုးတည်ထောင်ခဲ့သည့် ၂၀၁၅-၂၀၁၆ ဒီရေတောစိုက်ခင်း ၅၁၉ ဧကနှင့် Cyclone Shelter တည်ဆောက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက်ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် ၄၀ ရှိ သစ်တောဦးစီးဌာနက တည်ထောင် စိုက်ပျိုးထားသော ဒီရေတောစိုက်ခင်း ၁/၂၀၂၁ ဧက ၄၀၀ အားကြည့်ရှုစစ်ဆေးပြီး စိုက်ခင်း အောင်မြင်စေရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။