သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၏ ပြည်တွင်းခရီးစဉ် (၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှ ၂၇ ရက်ထိ)

နေပြည်တော်၊ ၂၇−၆−၂၀၂၁

 သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းစုံအပတောရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင်ထားသော ၁/၂၀၂၀ ကျေးရွာသုံးထင်းစိုက်ခင်း ၄၅ ဧကနှင့် သစ်တောဦးစီးဌာနက တည်ထောင်ထားသော ကျေးရွာပိုင်ထင်းစိုက်ခင်းတစ်ရွာ ၂ ဧကတို့၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာစိုက်ခင်းတာဝန်ခံနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နွားထိုးကြီးမြို့နယ်ရှိ သဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခုဖြစ်သည့် မင်းစုံတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအလယ်ပိုင်းရှိ အပူပိုင်းဇုန်ခြောက်သွေ့တောဂေဟစနစ်အတွင်းရှိ မြန်မာ့ဒေသရင်း မျိုးစိတ်များ၊ မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နေသော သားငှက်တိရစ္ဆာန်များ ကျက်စားရာ မူလနေရင်းဒေသဖြစ်သည့် မင်းစုံတောင်ရေရှည်တည်တံ့စေရေးနှင့် စိမ်းလန်းစိုပြည်စေရေး၊ ဒေသခံပြည်သူတို့အတွက် သဘာဝသယံဇာတအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိစေရေးနှင့် မြန်မာ့ကြယ်လိပ်များ မျိုးသုဉ်းပျောက်ကွယ်မသွားစေဘဲ ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်သွားရေး လမ်းညွှန်မှာကြားသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်မြို့နယ်၊ ရဒါန်းချောင်းဆုံကြိုးဝိုင်း၊ အကွက်အမှတ် ၅၊ ၁၇၊ ၁၈ အတွင်းရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက တည်ထောင်ထားသော ၄/၂၀၂၁ အထူးစိမ်းတစ်အုပ်တစ်မ ၁၃၉၀ ပင်၊ ၁/၂၀၂၁ ကျေးရွာသုံးစိုက်ခင်း ၂၀ ဧက၊ ၁/၂၀၂၀ ကျေးရွာသုံးစိုက်ခင်း ၂၅ ဧက၊ ၃/၂၀၂၀ အခြားစိုက်ခင်း ၃၅ ဧက၊ ၄/၂၀၂၀ အထူးစိမ်း ၃၀၀၀ ပင်နှင့် ၃/၂၀၂၁ အခြားစိုက်ခင်း ၂၅ ဧက၏ ရှင်သန်အောင်မြင်နေမှုများကိုလည်းကောင်း၊ ရဒါန်းချောင်းဆုံကြိုးဝိုင်း၊ အကွက်အမှတ် ၁၆၊ ၁၇ အတွင်းရှိ  သစ်တောဦးစီးဌာနက တည်ထောင်ထားသည့် ၃/၂၀၁၉ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း ၆၅ ဧက၊ ၂/၂၀၂၀ ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ၇၉ ဧက၏ ရှင်သန်အောင်မြင်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

၂၀၂၁ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ကောင်စီအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ၂၀၂၁ မိုးရာသီ၌ မန္တလေးတိုင်းဒေသကြီးအတွင်း လမ်းဘေးဝဲယာတစ်အုပ်တစ်မစိုက်ပျိုးမည့် အစီအမံများ၊ ကျေးရွာသုံးထင်းစိုက်ခင်းများတည်ထောင်မည့် အစီအမံများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ သတ္တုကဏ္ဍဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတို့ အပြန်အလှန်ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပက်သက်၍ ညှိနှိုင်းဆွေးနွေးရာ တက်ရောက်လာသူများက လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအား ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။