ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ထုံးကျောက်ထုတ်လုပ်ကွက်၊ ဘိလပ်မြေစက်ရုံတို့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လိုက်နာဆောင်ရွက်ထားမှုအား ကွင်းဆင်းစစ်ဆေးခြင်း

နေပြည်တော်၊ ၄−၉−၂၀၂၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြင်ညောင်ရှိ ရွှေတောင်သတ္တု တူးဖော်ရေးကုမ္ပဏီလီမိတက်၏ ထုံးကျောက်လုပ်ကွက်၊ အပါချီဘိလပ်မြေစက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လိုက်နာဆောင်ရွက်ထားမှု အခြေအနေများအားကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ စက်ရုံရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးက ဘိလပ်မြေစက်ရုံများသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် လိုအပ်သောခြေခံအဆောက်အဦများ တည်ဆောက်ရေးအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်ကြောင်း၊ အရည်အသွေးကောင်းမွန်သော ဘိလပ်မြေများ ထုတ်လုပ်ပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လျှင် ပြည်ပမှတင်သွင်းရန်မလိုပါက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည့်အပြင်အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်ဘိလပ်မြေစက်ရုံများအတွက် အရေးပါသောအရည်အသွေးကောင်းမွန်သည့် စက်မှုကုန်ကြမ်း ထုံးကျောက် သတ္တုသိုက်များများစွာရှိပြီး ယင်းကိုအမှီပြု၍ ဘိလပ်မြေထုတ်လုပ်လျက်ရှိကြောင်း၊ အရည်အသွေးကောင်မွန်သော ဘိလပ်မြေများအား တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် ရေရှည်တွင် ပြည်တွင်းသုံးစွဲမှုထက်ပိုလျှံထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်လျှင်နိုင်ငံခြားဝင်ငွေများ ရရှိလာနိုင်ကြောင်း၊ ယခုစက်ရုံသည် တစ်ရက်ဘိလပ်မြေတန်ချိန် ၅၅၀၀ ထုတ်လုပ်နိုင်ပြီး လိုအပ်သောထုံးကျောက်ကုန်ကြမ်းကိုလည်း လုံလောက်စွာအနီးအနားတွင် ရရှိနိုင်သည့်အတွက် စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်သည့် အခြေအနေတွင်ရှိကြောင်း၊ ထုံးကျောက်ထုတ်လုပ်မှုနှင့် ဘိလပ်မြေစက်ရုံလည်ပတ်မှု လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပိုင်းကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်မှသာ Responsible Investment ဖြစ်စေပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု Sustainable Development ကိုရရှိစေမှာဖြစ်ကြောင်း၊ Responsible Investment တွင် Environment ၊ Social ၊ Governance – ESG ကိုလည်း ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဘိလပ်မြေထုတ်လုပ်ရာမှ ထွက်ရှိလာသော ထုတ်လွှတ်အခိုးအငွေ့များကို စနစ်တကျထိန်းချုပ်သည့်စနစ်များ၊ ပုံမှန်စောင့်ကြည့် စစ်ဆေးသည့်စနစ်များ တပ်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်ရုံအနေဖြင့် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲများထိခိုက်မှု၊ ဂေဟစနစ်ပျက်ဆီးမှု၊ ကျန်းမာရေးထိခိုက်မှုများ မဖြစ်ပေါ်စေရးအတွက် အတည်ပြုထားပြီးဖြစ်သော ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း Environmental Impact Assessment – EIA အစီရင်ခံစာနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်နှင့် ရေရှည်တွင် သန့်ရှင်းသောနည်းပညာ Clean Technology များကိုလည်း ပြောင်းလဲတိုးတက် လာသောခေတ်နှင့်အညီ မြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက ထုံးကျောက်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်၊  ဘိလပ်မြေစက်ရုံလည်ပတ်ဆောင်ရွက်ဆောင်ရွက်မှုနှင့် EIA အစီရင်ခံစာအပေါ် အဆင့်အလိုက် လိုက်နာဆောင်ရွက်ထားရှိများကို ကဏ္ဍအလိုက်ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထုံးကျောက်လုပ်ကွက်များ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဘိလပ်မြေစက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ အရှေ့ရေပေါင်းစုံကြိုးဝိုင်း၊ အကွက်အမှတ် ၁၀ တွင် သစ်တောဦးစီးဌာနက တည်ထောင်ထားသော ကျွန်းသစ်စေ့ထုတ်ဧရိယာ ၂၁ ဧကသို့ရောက်ရှိရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသစ်တောစိုက်ခင်းများ တည်ထောင်ရာတွင် မျိုးကောင်းမျိုးသန့်သစ်မျိုးများရရှိရေးသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်သည့်အတွက် မျိုးကောင်းမျိုးသန့်သစ်စေ့များ ပိုမိုစုဆောင်းရရှိနိုင်ရေးအတွက် သစ်စေ့ထုတ်ဧရိယာများအား ထပ်မံတိုးချဲ့တည် ထောင်သွားရန်လမ်းညွှန်မှာကြားကြောင်းသိရသည်။