ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်းသို့ သွားရောက်၍ ဝန်ကြီးဌာနအောက်ရှိ မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်း ဆောင်လျက်ရှိသည့် သစ်တော ကဏ္ဍနှင့် သတ္တုကဏ္ဍတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

နေပြည်တော်၊ ၁၃-၉-၂၀၂၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး‌ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်းသို့ သွားရောက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် သစ်တောကဏ္ဍနှင့် သတ္တုကဏ္ဍတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမျိုးသားကန်တော်ကြီးဥယျာဉ်ရှိ ကန်တော်ကြီးတွင် ရေဝင်နည်းခြင်း၊ ရေလျော့ကျခြင်းအတွက် မြေပြင်အခြေအနေမှန်ကို ကွင်းဆင်းစစ်ဆေးသွားရန်၊ ပြင်ဦးလွင်ဒေသ အထိမ်းအမှတ် ချယ်ရီပင်များ ပြန်လည်စိုက်ပျိုးသွားရန်၊ ပြင်ဦးလွင်ခရိုင်ရှိ သစ်တောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တော၊ သဘာဝထိန်းသိမ်းရေးနယ်မြေများကို စီမံချက်ချ၍ အထူးအလေးထား အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကော်ဖီစိုက်ခင်းများ၊ ပုဂ္ဂလိကစိုက်ခင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်းများခွင့်ပြု ပေးထားမှုအပေါ် သတ်မှတ်စည်းကမ်းများအား လိုက်နာမှုရှိ/မရှိ ကြပ်မတ်စစ်ဆေးသွားရန်၊ ကာကွယ်ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်သွားရန်၊ သစ်တောစိုက်ခင်းများ ရှင်သန်အောင်မြင်မှု ကောင်းစေရန် သုတေသနလုပ်ငန်းသည်အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်သည့်အတွက် အထူးအလေးထား ဆောင်ရွက်ရန် အပူပိုင်းဒေသ၏ ပူပြင်းသော ရာသီဥတု၊ မိုးခေါင်ရေရှားမှုနှင့် မြေအမျိုးအစား ညံ့မှုများကြားက စိုက်ခင်းအတွေ့အကြုံများနှင့် သုတေသနရလာဒ်များ ပေါင်းစပ်၍ စိုက်ခင်းများကို အောင်မြင်အောင် စိုက်ပျိုးတည်ထောင်ရန် အရေးကြီးကြောင်းမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ သစ်တောသယံဇာတ၊ သတ္တုသယံဇာတစသည့်မြေပေါ် မြေအောက်သယံဇာတ ထိန်းသိမ်းရေးနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ ဝန်ကြီးဌာနအတွက် အထူးအရေးကြီးကြောင်း၊ နိုင်ငံအတွက် မြေပေါ်၊ မြေအောက် သယံဇာတထုတ်ယူရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်ရမည့်အပြင် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးကိုလည်း အထူးအလေးထား လိုက်နာရမည်ဖြစ်ကြောင်း မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံသစ်တောကျောင်းရှိ သစ်တောပြတိုက်သို့ရောက်ရှိရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြန်မာနိုင်ငံ မြေတိုင်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ မြေတိုင်းတာခြင်းနှင့် မြေပုံထုတ်ခြင်းဆိုင်းအရာ အချက်အလက်များကို တင်ပြဆွေးနွေးသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်း အကွက်အမှတ် (၁၄၊၂၃၊၂၇၊၃၇)အတွင်း ပုဂ္ဂလိက ကော်ဖီစိုက်ခင်းများနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးထားမှုနှင့် စည်းကမ်းချက်များအပေါ် လိုက်နာဆောင်ရွက်မှုရှိ၊ မရှိအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။