ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ၊ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောလုပ်ငန်းများစစ်ဆေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် သစ်တောကြိုးဝိုင်းအတွင်း ခွင့်ပြုထားသောပုဂ္ဂလိကစိုက်ခင်းများနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများအား ကွင်းဆင်းစစ်ဆေးခြင်း

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်)

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့်အတူ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ သစ်တော ဦးစီးဌာနကတည်ထောင်ထားသော ဒိုးကွင်အမြဲတမ်းပျိုးဥယျာဉ်နှင့် သစ်ခွခြံသို့သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက ပြင်ဦးလွင်ဒေသ စိမ်းလန်းစိုပြည်သာယာ လှပစေရေး၊ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအား စနစ်တကျ ထိန်းသိမ်းရေးနှင့် ချယ်ရီမြို့တော်ဖြစ်စေရေးတို့အတွက် ပျိုးဥယျာဉ်များတွင် ချယ်ရီနှင့် ဒေသနှင့် ကိုက်ညီသည့်သစ်မျိုးများအား ပျိုးပင်အရေအတွက်များများ စနစ်တကျ ပြုစုပျိုးထောင်သွားရန်၊ (၂) ပေအထက်ပျိုးပင်များအား နောက်လာမည့် မိုးရာသီတွင် စိုက်ပျိုးနိုင်ရေးအတွက် ပြင်ဆင် ထားရန်၊ လာမည့်မိုးရာသီတွင် လမ်းဘေးဝဲ/ယာ တစ်အုပ်တစ်မ  စိုက်ပျိုးခြင်း၊ သဘာဝတော အတွင်း ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ သစ်တောစိုက်ခင်း တည်ထောင်ခြင်းများ တိုးမြှင့်ဆောင်ရွက် သွားရန်နှင့် ပျိုးဥယျာဉ်အတွင်းဝင်ဆံနိုင်သည့် ပျိုးပင် ၂ သိန်း ပြည့်မှီအောင် ပျိုးထောင်ဆောင်ရွက် သွားရန် မှာကြားသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးချုပ်နှင့်အတူ မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ် ၁၃၊၁၄၊၂၃၊၂၄ အတွင်းရှိ ၁/၁၉၈၅ စီးပွားရေးထင်းရှူးစိုက်ခင်း ဧက ၅၀၀ သို့ သွားရောက်၍ စိုက်ခင်းအောင်မြင်ဖြစ်ထွန်းမှု၊ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှုနှင့် စိုက်ခင်းအတွင်း ကော်ဖီ ၅ ဧကနှင့်ဝဥ စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မေမြို့ထင်းကြိုးဝိုင်းအခြေအနေအား ရှုရပ်ကုန်းမှကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စု ဝန်ကြီးက မေမြို့ထင်းကြိုးဝိုင်းသည် ပြင်ဦးလွင်မြို့နှင့် နီးကပ်နေသည့်အပြင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ရေကန်များ၏ ရေဝေရေလဲဧရိယာတွင် ပါဝင်နေသည့်အတွက် သစ်တော သစ်ပင်များ ထိန်းသိမ်းကာကွယ်ရေးအား သစ်တောဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားရန်၊ ခွင့်ပြုပေးထားသော ပုဂ္ဂလိကသစ်တောစိုက်ခင်း၊ ပုဂ္ဂလိကကော်ဖီစိုက်ခင်းနှင့် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောများ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးသွားရန်နှင့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအတွင်း တရားမဝင် ကျူးကျော် ဝင်ရောက်မှု မရှိစေရေး အထူးအလေးပေး စစ်ဆေးကြပ်မတ်သွားရန်မှာကြားသည်။

          နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံသစ်တောကျောင်းတွင် မန္တလေး တိုင်းဒေသကြီးအတွင်း ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာလုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။