ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲညီလာခံ အဖွဲ့ဝင်နိုင်ငံများ ၏ (၁၅) ကြိမ်မြောက် ဝန်ကြီးများအဆင့် အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်

နေပြည်တော်၊ ၁၂−၁၀−၂၀၂၁

ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲညီလာခံ အဖွဲ့ဝင်နိုင်ငံများ ၏ (၁၅) ကြိမ်မြောက် ဝန်ကြီးများအဆင့်အစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့ နေ့လယ်ပိုင်းတွင် ကမ္ဘာပေါ်ရှိသက်ရှိအားလုံးမျှဝေ ခံစားနိုင်သည့် အနာဂတ်အတွက် ဂေဟဗေဒဆိုင်ရာ အသွင်ပြောင်းလဲတည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့်ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်များ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂေဟဗေဒနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန ဝန်ကြီး H.E. Mr Huang Runqiu က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးသူ အဖြစ်ဆောင်ရွက်ပြီး  ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင် ညွှန်ကြားရေးမှူး  Ms. Inger Anerson နှင့် ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်း၊ အတွင်းရေးမှူးချုပ်  Ms. Elizabeth Maruma Mrema တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

ပါဝင်ဆွေးနွေး

ယင်းအစည်းအဝေးတွင်  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်အလွန် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲမူဘောင်နှင့် ၂၀၅၀ ပြည့်နှစ် မျှော်မှန်းချက်ဖြစ်သည့် “သဘာဝနှင့်အတူယှဉ်တွဲနေထိုင်သည့်ကမ္ဘာကြီး” ဟူသော ဆောင်ပုဒ်ကို ကြိုဆိုပါကြောင်း၊ သစ်တောများကို ကာကွယ်ထိန်းသိမ်းခြင်းသည် ရာသီဥတုဆိုင်ရာ ပဲရစ်သဘောတူညီချက်အပေါ်ထားရှိသည့် မြန်မာနိုင်ငံ၏ ကတိကဝတ်တစ်ခုဖြစ်ပြီး ဂေဟစနစ်ပြန်လည် တည်ထောင်ခြင်း အစီအစဉ်များသည် နိုင်ငံ၏အမျိုးသားအဆင့် ဦးစားပေးလုပ်ငန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် သစ်တောများထာဝစဉ်တည်တံ့ရေး၊ အတန်းအစားကျဆင်းနေသော သစ်တောများ၊ ဂေဟစနစ်များ ပြန်လည်တည်ထောင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးတို့ကို အရှိန်အဟုန် ပိုမိုမြှင့်တင်နိုင်ရန်အတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး (၁၀ နှစ်) စီမံကိန်းကိုလည်းကောင်း၊ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်း အစီအစဉ် (၁၀ နှစ်) စီမံကိန်းကိုလည်းကောင်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၆) ခု နိုင်ငံဧရိယာ၏ ၆.၀၈% ဖွဲ့စည်းထားပြီး နိုင်ငံဧရိယာ၏ ၁၀% အထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ကုလသမဂ္ဂ၏  “ဂေဟစနစ် ပြန်လည်တည်ထောင်ခြင်း ဆယ်စုနှစ်” သည် ယခုနှစ် ၂၀၂၁ခုနှစ်တွင် စတင်နေပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ သဘာဝကိုအခြေခံသည့်ဖြေရှင်းခြင်းနည်းလမ်းများ (Nature-based Solutions) ဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဆိုင်ရာပြဿနာများကို ဖြေရှင်းဆောင်ရွက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ထိန်းသိမ်းခြင်းနှင့် ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်ရည်မှန်းချက်များ အောင်မြင်စေရေးတို့ကို အလေးပေးဆောင်ရွက်လျှက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင်  “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ” ကို ပြဋ္ဌာန်းခဲ့ပြီး ဒေသခံပြည်သူများပူးပေါင်းပါဝင်သော သဘာဝထိန်းသိမ်းရေးနယ်မြေ စီမံအုပ်ချုပ်မှုများ ဖွံ့ဖြိုးအောင် ဆောင်ရွက်လျှက်ရှိပါကြောင်း ဆွေးနွေးသည်။

အဆိုပါ အစည်းအဝေးသို့ ကုလသမဂ္ဂဇီဝမျိုးစုံမျိုးကွဲညီလာခံ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှအကြီးအကဲများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။