(၁၆) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ ဆက်လက်ကျင်းပ

နေပြည်တော်၊ ၂၂−၁၀−၂၀၂၁

(၁၆) ကြိမ်မြောက်အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အစည်းအဝေး နှင့် အာဆီယံ+၃ ဝန်ကြီးအဆင့်အစည်းအဝေးများ (16th Meeting of the Conference of the Parties to the ASEAN Agreement on Transboundary Haze Pollution (COP-16), 17th ASEAN Plus Three Environment Ministers Meeting- EMM)ကို ယနေ့နံနက် ၈ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆက်လက်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးအစီအစဉ်အရ အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အင်ဒိုနီးရှားနိုင်ငံနှင့် အလှည့်ကျသဘာပတိဖြစ်သော ဖိလစ်ပိုင်နိုင်ငံတို့မှ အဖွင့်အမှာစကား ဆွေးနွေးပြောကြားသည်။

ဆွေးနွေး၊ အတည်ပြုဆုံးဖြတ်

ယင်းနောက် ဖိလစ်ပိုင်နိုင်ငံမှ အာဆီယံဒေသတွင်း ရာသီဥတုနှင့်မီးခိုးမြူငွေ့ဆိုင်ရာသုံးသပ်မှု အခြေအနေများ၊ နိုင်ငံအလိုက် ဆောင်ရွက်လျက်ရှိသော မီးဘေးအန္တရာယ်နှင့် မီးခိုးမြူငွေ့ဆိုင်ရာ အစီရင်ခံစာများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အကောင်အထည် ဖော်မှုအခြေအနေများ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံညှိနှိုင်းမှု ဗဟိုဌာနတည်ထောင်နိုင်ရေး၊ အာဆီယံနိုင်ငံများ၏ သစ်ဆွေးမြေ စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာ၊ အင်ဒိုနီးရှားနိုင်ငံမှ ဒေသအတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အစီရင်ခံစာ၊ မြန်မာနိုင်ငံမှ မဲခေါင်ဒေသခွဲနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အစီရင်ခံစာတို့အားရှင်းလင်းတင်ပြ၍ အမြင်ချင်းဖလှယ်ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ထိန်းချုပ်နိုင်ရေးအတွက် သစ်တောမီး၊ စိုက်ပျိုးမြေမီးလောင်မှုများ လျော့ပါးစေရေး နိုင်ငံအတွင်းဆောင်ရွက်မှုများ၊ ဒေသတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးသည်။ ထို့နောက် အစီရင်ခံစာများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား အတည်ပြုခြင်းများ ဆောင်ရွက်သည်။

မွန်းလွဲပိုင်းတွင် (၁၇) ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံများ ပတ်ဝန်းကျင်ဝန်ကြီးအဆင့် အစည်းအဝေးကိုကျင်းပရာ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး၊ အာဆီယံ-တရုတ် ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနည်းဗျူဟာ (၂၀၂၁-၂၀၂၅) အပေါ် အကောင်အထည်ဖော်နိုင်မှု၊ အစိမ်းရောင်ဖွံ့ဖြိုးမှု နှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုဆိုင်ရာ ပူးတွဲကြေညာချက်၊ အာဆီယံ-ဂျပန် ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ-ကိုရီးယား ပတ်ဝန်းကျင်ဆိုင်ရာအကောင်အထည်ဖော်မှုနှင့် ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်များကို အာဆီယံ+၃ နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ ဆွေးနွေးသည်။

အသိပေးဆွေးနွေး

ဆက်လက်၍ အာဆီယံ+၃ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်သစ်များ ဆက်လက်တိုးမြှင့်နိုင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများမှ အမြင်ချင်းဖလှယ် ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အာဆီယံ+၃ နိုင်ငံများ၏ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အာဆီယံဒေသတွင်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၂၀၂၅ အာဆီယံ မျှော်မှန်းချက်ရရှိစေရန် အထောက်အကူပြုပါကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ဆွေးနွေးပါသည်။

အစည်းအဝေးမှ (၁၇) ကြိမ်မြောက် အာဆီယံ+၃ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးအဆင့် အစည်း အဝေး၏ အကျဉ်းချုပ်အစီရင်ခံစာအား အတည်ပြုခြင်း၊ (၁၆) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး အလှည့်ကျသဘာပတိက နိဂုံးချုပ်ပြောကြားခြင်းတို့ ဆောင်ရွက်ကြောင်း သတင်းရရှိသည်။