ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တပ်ကုန်းမြို့နယ်ရှိ ဆင်သေဆည် ရေဝေရေလဲဧရိယာသို့ သွားရောက် စစ်ဆေး

နေပြည်တော်၊ ၂၄-၁၁-၂၀၂၁

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး‌ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တပ်ကုန်းမြို့နယ်ရှိ ဆင်သေဆည် ရေဝေရေလဲဧရိယာသို့ သွားရောက် စစ်ဆေးရာ သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော် တို့က ဆင်သေဆည် ရေဝေရေလဲထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ရှိ ဆင်သေဆည်၊ ငလိုက် ဆည်နှင့် ပေါင်းလောင်းဆည်များသည် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းနှင့် လူနေမှု ဘဝအတွက်အရေးပါသည့်အပြင် နိုင်ငံတော်အတွက် ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် ခရီးသွား လုပ်ငန်းများအတွက် အရေးပါသော ဆည်များဖြစ်ကြောင်း၊ ဆည်များအတွက် ရေဝေရေလဲဧရိယာ များမှာ အထူးအရေးကြီးသဖြင့် ဆည်များရေရှည်တည်တံ့နိုင်ရန်အတွက် သစ်တောသစ်ပင်များ ကာကွယ်ထိန်းသိမ်းခြင်း၊ စိုက်ပျိုးခြင်းများ အလေးထားဆောင်ရွက်ပေးခြင်းဖြင့် ဆည်များအတွင်း ရေဝင်ရောက်မှု တိုးမြှင့်စေပြီး နုန်းပို့ချမှုလျော့ချစေနိုင်မှာ ဖြစ်ကြောင်း၊ ဆည်ရေသောက် ဧရိယာရှိ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေလိုအပ်ချက်များပံ့ပိုးပေးနိုင်သည့်အတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးကိုလည်း အထောက်အကူပြုစေကြောင်း၊ ယခု ဆင်သေဆည်မှာ ဆည်ရေသောက်ဧရိယာ (၁၁၆၅၉)ဧကရှိပြီး ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တပ်ကုန်းမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်တို့ရှိ အထက်ဆင်သေကြိုးဝိုင်း၊ လွှဘုံကြိုးဝိုင်း၊ ကိုးကွေ့ကြိုးဝိုင်း နှင့် လွှစင်ကြိုးဝိုင်းတို့ပါဝင်သည့် ရေဝေရေလဲဧရိယာ(၁၀၉၁၃၃)ဧက ရှိပါကြောင်း၊ ရေဝေရေလဲဆိုသည် မှာ မြစ်၊ ချောင်း၊ ကန်၊ ဆည် တစ်ခုအတွင်းသို့ ပေါင်းဆုံစီးဝင်သော ရေများ၏ အရင်းခံရာ မြေဧရိယာဖြစ်ပါကြောင်း၊ ချောင်းငယ်များ အတွင်း စီးဝင်သော ရေဝေရေလဲအငယ်စားများ (Micro Watersheds)အချင်းချင်းစုပေါင်း၍ ပိုမိုကြီးမားသော ရေဝေရေလဲဧရိယာ ဖြစ်လာကာ ကြီးမားသော ချောင်းနှင့် မြစ်များအတွင်းသို့ စီးဝင်ကြခြင်းဖြင့် စတုရန်းကီလိုမီတာ မြောက်များစွာ ကျယ်ဝန်းသော ရေဝေရေလဲဧရိယာကြီး ဖြစ်လာပါကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကရေဝေရေလဲဒေသကြီးများမှာ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသ၊ သံလွင်မြစ်ဝှမ်းဒေသ၊ စစ်တောင်းမြစ်ဝှမ်းဒေသနှင့် မဲခေါင် မြစ်ဝှမ်းဒေသတို့ဖြစ်ပြီး နိုင်ငံဧရိယာ၏ (၈၀%)ကျော်သည် ရေဝေရေလဲဧရိယာအတွင်း ကျရောက် လျှက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများတွင် နှစ်စဉ်စီးဆင်းလျှက်ရှိသော ရေပမာဏမှာ စုစုပေါင်း ဧကပေသန်းပေါင်း (၈၀၀)ကျော်ရှိပါကြောင်း၊ ရေဝေရေလဲဒေသစီမံအုပ်ချုပ်ရာတွင် အခြေခံကျသည့် ချောင်းငယ်များ၏ ရေအရင်းခံနယ်မြေဧရိယာဖြစ်သည့် ရေဝေရေလဲအငယ်စား (Micro Watershed)များအား ထိထိရောက်ရောက် ထိန်းသိမ်းစီမံအုပ်ချုပ်ရန် အလွန်အရေးကြီး ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆင်သေဆည် ရေဝေရေလဲဧရိယာအတွင်း အထက် ဆင်သေကြိုးဝိုင်း၊အကွက်အမှတ်(၇၇၊၇၈)ရှိ ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မည့် နေရာများနှင့် ဆင်သေဆည် ရေဝင်ရောက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆင်သေချောင်းရေဝေရေလဲ ဧရိယာ ထိန်းသိမ်းရေးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ စီမံချက်ရေးဆွဲထားရှိပြီး လုပ်ငန်း(၁၇)မျိုးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။