ရေ‌ဝေရေလဲဒေသ ထိန်းသိမ်းရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်

နေပြည်တော်၊ ၁၄-၁၂-၂၀၂၁

သစ်တောများနှင့် ရေသယံဇာတများသည် ကမ္ဘာ့သက်ရှိများ ရှင်သန်ရပ်တည်နေနိုင်ရေး ဘဝပံ့ပိုးမှုစနစ် (Life Supporting System) အတွက် မရှိမဖြစ်လိုအပ်သည့် သဘာဝ သယံဇာတများဖြစ်ကြောင်း၊ သဘာဝသယံဇာတရေအရင်းအမြစ်များ စဉ်ဆက်မပြတ် တည်တံ့ရန်နှင့် ရေရှည်အသုံးချနိုင်ရန်အတွက် ရေဝေရေလဲဒေသ သစ်တောများထိန်းသိမ်းရေးနှင့် စနစ်တကျ စီမံအုပ်ချုပ်ရေးသည်  အလွန်အရေးပါသည့် အခန်းကဏ္ဍအဖြစ် ပါဝင်နေကြောင်း ၁၄-၁၂-၂၀၂၁ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီ၊ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ရေဝေရေလဲဒေသ ထိန်းသိမ်းရေးသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရေဝေရေလဲဒေသအတွင်းရှိသော ရေ၊ မြေ၊ တောတောင်နှင့် သစ်တောသယံဇာတ တစ်မျိုးမျိုးသည် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လူသားများ၏ ပယောဂကြောင့်ဖြစ်စေ ပျက်စီးသည့်အခါ အခြားသယံဇာတများအပေါ်မှာ သက်ရောက်မှုဖြစ်ပေါ်စေပြီး လူသားများအပါအ၀င် သက်ရှိသတ္တဝါများနှင့် သဘာ၀ပတ်၀န်းကျင်အပေါ် ဆိုးကျိုးများဖြစ်ပေါ်စေသည့်အတွက် ရေအရင်းအမြစ်များနှင့် ရေဝေရေလဲဒေသများ၊ သစ်တော သယံဇာတများကို အထူးဦးစားပေးလုပ်ငန်းအဖြစ် ထိန်းသိမ်းရန်လိုအပ်ကြောင်း၊

နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏အရေးပါသည့် သစ်တောသယံဇာတများနှင့် ရေအရင်းအမြစ်များ ထာဝစဉ်တည်တံ့စေရန်နှင့် စနစ်တကျ ထိန်းသိမ်းစီမံအုပ်ချုပ်ရန် ဘက်စုံရေဝေရေလဲ ဒေသအုပ်ချုပ်ရေး စနစ်တစ်ရပ်ကို ကမ္ဘာ့နိုင်ငံများနည်းတူ ကျင့်သုံး အကောင်အထည်ဖော်ဆောင် လျက်ရှိကြောင်း၊

အထူးသဖြင့် နေပြည်တော်နယ်မြေအတွင်းရှိ အဓိက ရေအရင်းအမြစ်(၃)ခုဖြစ်သည့် ပေါင်းလောင်းချောင်း၊ ဆင်သေချောင်းနှင့် ငလိုက်ချောင်းများ၏ ရေအရင်းအမြစ်များ ရေရှည်တည်တံ့ရေးအတွက် ရေဝေရေလဲသစ်တောများကို စနစ်တကျ စိုက်ပျိုးထိန်းသိမ်းရန် အရေးကြီးကြောင်း၊ ၎င်းချောင်း(၃)ချောင်းသည် မြန်မာနိုင်ငံ၏ အဓိကရေဝေရေလဲဒေသကြီး(၂)ခု ဖြစ်သည့် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသနှင့် စစ်တောင်းမြစ်ဝှမ်းဒေသအတွင်းတွင်ရှိသည့် ရေဝေရေလဲ ဒေသငယ်များ (Micro Watersheds) ဖြစ်ကြောင်း၊

သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် (၆လ ဘဏ္ဍာနှစ်)မှစတင်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်မည့် ပေါင်းလောင်းဆည်၊ ဆင်သေဆည်၊ ငလိုက်ဆည် ရေဝေရေလဲဒေသ ထိန်းသိမ်းရေးလုပ်ငန်းစီမံချက်တစ်ရပ်ကို ရေးဆွဲဖော်ထုတ်ပြီး ရေဝေရေလဲထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်း(၁၈)မျိုးကို နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊     ရမည်းသင်းမြို့နယ်နှင့် ရှမ်းပြည်နယ်၊ ကလောမြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် မြေပြင်ကွင်းလုပ်ငန်းများ ဆောင်ရွက်မည့် ဝန်ထမ်းများမှ လုပ်ငန်းတစ်ခုချင်းအလိုက်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ နည်းစနစ်များကို သိရှိနားလည်ရန်လိုအပ်သကဲ့သို့ လက်တွေ့ကျွမ်းကျွမ်းကျင်ကျင် အကောင်အထည်ဖော်ဆောင် နိုင်ရန်လည်း လိုအပ်ကြောင်းနှင့် သင်တန်းကာလအတွင်း ကိုဗစ်(၁၉)ညွှန်ကြားချက်များနှင့်အညီ စနစ်တကျနေထိုင်ပြီး သင်တန်းပြီးမြောက်သည်အထိ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားကြရန် မှာကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ သုတေသီများ၊ သင်တန်း ဆရာ၊ ဆရာမများနှင့် သင်တန်းသား(၂၀)ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။