(၃၃)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီ တက်ရောက်

နေပြည်တော် ၊ ၂၉-၁၂-၂၀၂၁

(၃၃)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားအား (၂၉-၁၂-၂၀၂၁) ရက်နေ့၊ နံနက်(၀၈:၃၀)နာရီ၊ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီ တက်ရောက်၍ အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အဖွဲ့အစည်းတစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသနနှင့်ပညာရေး (Research & Education) ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးကြောင်း၊ မြန်မာ့သစ်တောမူဝါဒတွင် “သစ်တောထိန်းသိမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းသည် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်မှုကို အသိအမှတ်ပြုရေး” ကို အထူးအလေး ပေးဖော်ပြထားကြောင်း၊  သစ်တောသယံဇာတများ ရေရှည်တည်တံ့စွာ စီမံအုပ်ချုပ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သတ္တုသယံဇာတများကို ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေဘဲ စနစ်တကျ ထုတ်ယူသုံးစွဲပြီး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီညီ ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့်ပြဿနာ၊ အခက်အခဲနှင့်စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် အသုံးချသုတေသန ( Applied Research) ကဏ္ဍသည် အရေးကြီးကြောင်း၊

ယနေ့ရင်ဆိုင်နေရသော သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများသည် တစ်ခုနှင့် တစ်ခု ဆက်စပ်နေသည့်အတွက် ယင်းပြဿနာအရင်းအမြစ်များကို ဖြေရှင်းနိုင်မည့် နည်းလမ်းသစ်များ၊ ချဉ်းကပ်မှုပုံစံသစ်များကို သုတေသနပြု လေ့လာဖော်ထုတ်ကြရမည့်အပြင် သဘာဝကို အခြေခံသည့် ဖြေရှင်းနည်းလမ်းများ (Natural based solution) ကိုလည်း သုတေသနပြု၍ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊

ရေဝေရေလဲထိန်းသိမ်းခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များနှင့် အပင်များ၏ မူရင်းဒေသထိန်းသိမ်းကာကွယ်ခြင်း၊ ဒီရေတောနှင့် ဂေဟစနစ်များထိန်းသိမ်းခြင်းစသည့် နယ်ပယ်များတွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ သတ္တုတူးဖော်ရေးကဏ္ဍတွင်လည်း ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းစေပြီး Responsible Mining ဖြစ်စေရေး၊ ရေရှည်ထုတ်ယူသုံးစွဲနိုင်သည့် စနစ်တကျစီမံခန့်ခွဲမည့် နည်းလမ်းများနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊

သုတေသန၏ အနှစ်သာရသည် အရည်အသွေးပြည့်မီသည့် အသုံးချသုတေသနရလဒ်များ ပေါ်ထွက်လာရန်ဖြစ်ပြီး ကမ္ဘာ့အဆင့်မီ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် အဖွဲ့အစည်းဆိုင်ရာ တောင့်တင်းခိုင်မာရေး၊ အရည်အချင်းပြည့်ဝသည့် သုတေသီအင်အားလုံလောက်ရေး၊ သုတေသီများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သုတေသနရန်ပုံငွေ လုံလောက်စွာရရှိစေရေးတို့ကို အလေးထား စဉ်းစားဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သုတေသီများမှလည်း ယနေ့ဆွေးနွေး အကြံပြုချက်များအပေါ်အခြေခံပြီး သက်ဆိုင်ရာနယ်ပယ်၊ ကဏ္ဍအလိုက် သုတေသနအပိုင်းမှ ဖြေရှင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြဿနာရပ်များကို လေ့လာမှတ်သားပြီး သုတေသနလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသော သုတေသနစာတမ်းများနှင့် ပိုစတာများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါအခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်များနှင့်တာဝန်ရှိသူများ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သုတေသီများ တက်ရောက်ကြပြီး သုတေသနစာတမ်းဖတ်ပွဲကို (၂၉-၁၂-၂၀၂၁ မှ ၃၀-၁၂-၂၀၂၁) ရက်နေ့ထိ ကျင်းပမည်ဖြစ်၍ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ရေးရာဆိုင်ရာ သုတေသန စာတမ်း (၂၆) စောင်ဖတ်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။