ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီ အမျိုးသားအဆင့်ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ ပထမအကြိမ် အစည်းအဝေးသို့ တက်ရောက် အဖွင့်အမှာစကားပြောကြား

နေပြည်တော်၊ ၃-၁-၂၀၂၂

အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ ပထမအကြိမ် အစည်းအဝေးကို (၃-၁-၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ ကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက UNESCO သည် ကမ္ဘာ့ဘူမိဥယျာဉ် (Global Geopark) အစီအစဉ်ကို ၂၀၀၁ တွင်စတင်ခဲ့ပြီး လက်ရှိနိုင်ငံပေါင်း ၄၄ နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် ၁၆၉ ခု ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရန် အလားအလာကောင်းများပိုင်ဆိုင်သည့် နေရာအများအပြားရှိသည့်အနက် ပုပ္ပါးတောင်ဒေသသည် အလားအလာ အကောင်းဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်အဖြစ် အမည်စာရင်းအဆိုမပြုမီ အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဦးစွာသတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပုပ္ပါးတောင်ဒေသ အမျိုးသားအဆင့်ဘူမိဥယျာဉ်ကို ဘူမိနယ်မြေ (Geosite) (၁၅) နေရာဖြင့် အဆိုပြုသွားမည်ဖြစ်ပြီး ယင်းနေရာများတွင် မီးတောင်ကျောက်မျိုးများ၊ ချော်ကျောက်များ၊ အင်ကြင်းကျောက်မျိုးများ၊ ကျောရိုးရှိသတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ဇီဝမျိုးစုံမျိုးကွဲ များစွာကို တွေ့ရှိလေ့လာနိုင်မည့်အပြင် ဒေသခံများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးထမ်းများကိုလည်း လေ့လာနိုင်မည် ဖြစ်ကြောင်း၊

အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဖော်ထုတ်ဆောင်ရွက်နိုင်မည်ဆိုပါက ဘူမိခရီးသွားလာရေး Geotourism လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေပြီး အဆိုပါဒေသများအား တန်ဖိုးထားကာကွယ်ထားမှုကို လာရောက်သည့်ခရီးသွားဧည့်သည့်များအား ပြသနိုင်မည့်အပြင် နောင်လာ နောက်သားများအတွက်လည်း အတုယူစရာဖြစ်လာစေမှာဖြစ်ကြောင်း၊

ကမ္ဘာ့ဘူမိဥယျာဉ်သည် ကျယ်ပြန့်သောနယ်မြေတစ်ခုကိုလွှမ်းခြုံပြီး ထိန်းသိမ်းကာကွယ်မှု၊ သိမြင်နိုးကြားမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စသည့်ဒေါက်တိုင်(၃)ခုအပေါ် အခြေခံနေသည့် အတွက် သက်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ ပညာရပ်နှင့် သုတေသနဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပုပ္ပါးတောင်ဒေသအား အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ်သတ်မှတ်နိုင်ရေး ဆောင်ရွက်မှုအခြေအနေအား ကော်မတီအတွင်းရေးမှူးကလည်းကောင်း၊ အမျိုးသားအဆင့် ဘူမိဥယျာဉ်အဆိုပြုလွှာမူကြမ်းကို မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၊ ဥက္ကဋ္ဌကလည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြပြီး၊  တင်ပြချက်များအပေါ် လေ့လာသုံးသပ်ခြင်း၊ လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခြင်း၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းများကို ဆောင်ရွက်သည်။

အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး UNESCO အမျိုးသားကော်မရှင်နှင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းအဖွဲ့ဝင်များက Virtual စနစ်ဖြင့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။