ဒုတိယဝန်ကြီး ဦးမင်းမင်းဦး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲ၊ ပြိုင်ပွဲများအခမ်းအနားသို့ တက်ရောက်ဆုချီးမြှင့်

နေပြည်တော်၊ ၄-၁-၂၀၂၂

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲ၊ ပြိုင်ပွဲအခမ်းအနားကို ၄-၁-၂၀၂၂ ရက်နေ့၊ နံနက် (၇)နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇)အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး တက်ရောက်၍ ဆုချီးမြှင့်သည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ ဝန်ထမ်းများနေထိုင်ရာ ရပ်ကွက်အသီးသီးရှိ စာသင်ကျောင်းများကို အခြေခံ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့မှ အထောက်အကူပြုလျက် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲများကို အသက်အရွယ်အလိုက် ကျား/မခွဲခြား၍ အပြေးပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ ခြေပူးပြေးပြိုင်ပွဲ၊ အပ်ထိုးပြေးပြိုင်ပွဲ၊ ဂုန်နီအုတ်စွပ်ပြေးပြိုင်ပွဲ၊ အားလူးကောက်ပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် စာအုပ်ရွက်ပြေးပြိုင်ပွဲ စုစုပေါင်း အားကစားနည်း (၁၁)မျိုးကို ဆရာ ဆရာမ များနှင့် ကျောင်းသား /သူ စုစုပေါင်း ၉၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ပါဝင် ဆင်နွှဲကြသည်။

ပါဝင်ယှဉ်ပြိုင်ကျင်းပခဲ့သော အားကစားနည်း (၁၁)မျိုး၊ အားကစားသမားများ စုစုပေါင်း ၉၂၄ ဦးကို ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ လူရွေးပွဲများ ကျင်းပယှဉ်ပြိုင်ကာ နောက်ဆုံး ဆန်ကာတင် အားကစားသမား ၁၉၆ ဦးကို ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ဗိုလ်လုပွဲ ကစားပွဲစဉ် (၂၆)ပွဲခွဲ၍ ယှဉ်ပြိုင်ကျင်းပခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ သည်။

ဆုပေးပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက အထက်တန်းအဆင့် ထုပ်ဆီးတိုးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအားလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က Grade -3 အမျိုးသမီး မီတာ (၅၀) အပြေးပြိုင်ပွဲ ဆုရရှိသူများကိုလည်းကောင်း၊ ဒုတိယအတွင်းဝန်များ၊ သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အားကစားပွဲသို့ ကျောင်းသားကျောင်းသူများနှင့် မိသားစုဝင်များ၊ ဝန်ထမ်းများလာရောက်အားပေးခဲ့ပြီး ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။