ဇိန်မှုတောင် အမျိုးသားဥယျာဥ် ဖွဲ့စည်းသတ်မှတ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန က ၂၀၁၈ ခုနှစ် မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ(က)အရ  အပ်နှင်းထားသည့် အခွင့်အာဏာများကို  ကျင့်သုံး၍  ချင်းပြည်နယ် ၊ ဟားခါးခရိုင် ထန်တလန်မြို့နယ်နှင့် ဖလမ်းခရိုင် ဖလမ်းမြို့နယ်အတွင်းရှိ ဧရိယာ ၉၉၈၄ ဒသမ ၂၈ ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် ဇိန်မှုတောင် အမျိုးသားဥယျာဥ်အဖြစ်  အမိန့်ကြော်ငြာစာအမှတ် (၅၂/၂၀၂၂)ဖြင့် ၁၃၈၃ ခု တပေါင်းလဆန်း (၁၀)ရက် ၊ ၂၀၂၂ ခုနှစ် မတ် လ(၁၁)ရက်မှ စတင်သတ်မှတ်ကြောင်း ကြေငြာလိုက်သည်။

          ဇိန်မှုတောင်သည်      ကွန်သဲချောင်းမကြီး အဓိကရေဝေရေလဲဧရိယာဖြစ်ခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များနေထိုင်ကျက်စားသည့် ဧရိယာဖြစ်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ တည်ရှိရာဒေသဖြစ်ခြင်း၊ ဘူမိရူပသွင်ပြင်ထူးခြားမှု ရှိခြင်း၊ စည်းကမ်းမဲ့တရားမဝင် အမဲလိုက်ခြင်းကို အချိန်မီထိန်းသိမ်းကာကွယ်ရန် လိုအပ်ခြင်းတို့ကြောင့် ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်၍ အမျိုးသားဥယျာဥ်အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်သည်။

          အမျိုးသားဥယျာဉ်အတွင်း ထင်ရှားလှပသည့် နတ်ရေကန်ဟု တင်စားခေါ်ဝေါ်သော လှိုင်သီသီရေကန်တည်ရှိခြင်း၊ ချင်းပြည်နယ်၏ အမှတ်အသားသင်္ကေတ အထင်ကရ ပြယုဂ်ဖြစ်သည့် ထင်းရှူး၊ ‌ တောင်ဇလပ်ဖြူ၊ တောင်ဇလပ်နီ ၊ သစ်ခွမျိုးများ ပေါက်ရောက်ခြင်း၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ် စသည့် တောရိုင်းတိရစ္ဆာန်များ  ကျက်စားနေထိုင်ခြင်း၊ အောက်ချင်းငှက်တို့ သားပေါက်ရာဒေသဖြစ်ခြင်း၊ ထူးခြားသည့် ဘူမိရုပ်သွင်များ ရှိခြင်းတို့ကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာ ရရှိနိုင်မည် ဖြစ်သဖြင့် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကြောင်း ကြေငြာခြင်းဖြစ်သည်။