ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ ဒုံးပုလဲအော် ကျွန်းပုလဲ မွေးမြူရေးစခန်းသို့ သွားရောက်၍ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း

နေပြည်တော် ၁၃-၃-၂၀၂၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ ဒုံးပုလဲအော် ကျွန်းပုလဲ မွေးမြူရေးစခန်းသို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် ပုလဲမွေးမြူထုတ်လုပ်ခြင်းကို စခန်း ၁၂ ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်မှု အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၁၂၈ ရာခိုင်နှုန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတကာစျေးကွက်တွင် အရည်အသွေးနှင့် အရွယ်အစားအပေါ် မူတည်၍ နှစ်သက်သူများသဖြင့် စျေးကွက်ပိုမိုရရှိရေး ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ မုတ်ကောင်သားဖောက်ခြင်း၊ ဝတ်ဆံသွင်းခြင်း၊ မွေးမြူခြင်းလုပ်ငန်းစဉ်တွင် အရည်အသွေး အရွယ်အစားကောင်းမွန်သော ပုလဲများရရှိရေးအတွက် အထူးအရေးကြီးသည့်အတွက် ဌာနနှင့် ကုမ္ပဏီတို့ ပိုမိုပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းစဉ်အလိုက် စည်းကမ်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ ပုလဲမွေးမြူ ထုတ်လုပ်ခြင်းမှ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာသော မုတ်ခွံများကို အသုံးပြုသည့် ကနုကမာ အချောထည်လုပ်ငန်းများကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် အဏ္ဏဝါဂေဟစနစ်များ ကောင်းမွန်မှသာ မုတ်ကောင် မွေးမြူရေး လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း အလေးထားဆောင်ရွက်သွားရန်လိုကြောင်းမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဒုံးပုလဲအော်ကျွန်းအနီးရှိ ဆလုံရွာနှစ်ရွာအတွက် ဆိုလာမီး အစုံ ၂၀ ကို ဒေသခံများထံ ပေးအပ်ပြီး ဒုံးပုလဲအော်ကျွန်းစခန်းရှိ မုတ်ကောင်သားဖောက်ခြင်း၊ ဝတ်ဆံသွင်းခြင်းနှင့် ပုလဲဖော်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင်  ပြည်ထောင်စုဝန်ကြီးသည် ကျွန်းစုမြို့နယ် နတ်သမီးရေတွင်း ကျွန်းနှင့် ပြင်စတုကျွန်းရှိ မွေးမြူရေးရေပြင်တွင် Surface Long Line System ဖြင့် မုတ်ကောင်မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ် ဒိုမယ်ကျွန်းစခန်းတွင် ပုလဲထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။ ယင်းနောက် ဇင်ယော်ကျွန်းရှိ မွေးမြူရေးရေပြင်တွင် Surface Long Line System ဖြင့် မုတ်ကောင် မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။