အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ်အစည်းအဝေးကျင်းပခြင်း

နေပြည်တော် ၉-၃-၂၀၂၂

အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ်အစည်းအဝေးကို ၉-၃-၂၀၂၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန(ရုံးချုပ်)ရှိ အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီ ဥက္ကဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာသီတာဦး၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦးနှင့် ဦးရွှေလေး၊ နေပြည်တော် ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး၊ အမျိုးသားမြေအသုံးချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

သတိပြုကြရမည်

အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ်က မြေသယံဇာတ အရင်းအမြစ်များသည် မိမိတို့လူသားများ၊ လူမှုအသိုင်းအဝိုင်းများ ဖြစ်တည်မှုအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအကျဆုံး သဘာဝသယံဇာတ အရင်းအမြစ်ဖြစ်ကြောင်း၊ အခြားသယံဇာတအရင်းအမြစ်များနှင့် မတူသည့်အချက်မှာ တိုးပွားအောင် လုပ်ဆောင်၍မရဘဲ အကန့်အသတ်နှင့်သာရှိသည့် သဘာဝသယံဇာတ အရင်းအမြစ်ဖြစ်သည်ကို သတိပြုကြရမည်ဖြစ်ကြောင်း။

စိန်ခေါ်မှုများစွာရှိနေ

မြန်မာနိုင်ငံအတွင်း မြေအသုံးချမှု စီမံခန့်ခွဲရာတွင် စိန်ခေါ်မှုများစွာ ရှိနေကြောင်း၊ အစိုးရကစီမံခန့်ခွဲသည့် မြေများအတွင်း အငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များ၊ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများကို ခေတ်စနစ်နှင့် အညီ ပြုပြင်ပြဌာန်းရန် လိုအပ်ချက်များ၊ ကဏ္ဍအလိုက် ပြဌာန်းထားသည့် ဥပဒေများ ချိတ်ဆက်မှု၊ သဟဇာတ မဖြစ်မှုနှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု အားနည်းခြင်းများ၊ ဥပဒေ အပေါ်လိုသလိုအလွဲသုံး ဆောင်ရွက်မှုများ၊ မြေသယံဇာတအချက်အလက်များနှင့် မြေပြင်၊ မြေပုံများ တိကျ မှန်ကန်ရန် လိုအပ်မှုရှိနေခြင်းများ၊ မြေပြင်၌ လက်တွေ့စီမံခန့်ခွဲရာတွင် ဆက်စပ်ဌာနများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ခြင်းများ စသည့်အကန့်အသတ်နှင့် စိန်ခေါ်မှုများစွာ ရှိနေသည်ကို တွေ့ရကြောင်း။

ယင်းစိန်‌ခေါ်မှုကို ကျော်လွှားနိုင်ရန်အတွက် မြေအရင်းအမြစ် မူဝါဒဆိုင်ရာ အရေးကိစ္စများကို ကိုင်တွယ် ဖြေရှင်းပေးနိုင်မည့် လက်တွေ့ကျသော အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ များ သဟဇာတဖြစ်ရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများအားလုံး ပေါင်းစပ်ညှိနှိုင်း ရေးဆွဲဆောင်ရွက် ကြရမည် ဖြစ်ကြောင်း။

ဦးစားပေးလုပ်ငန်းစဉ်များချမှတ်

ထို့ပြင် မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ စနစ်တကျကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုများ၊ ဖြစ်ပေါ်လာ စေရေးအတွက် အမျိုးသားမြေအသုံးချမှု မူဝါဒကိုမဖြစ်မနေ လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ဦးစားပေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals-SDGs) (၁၇)ခုအနက် အများစုသည် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်နွယ်နေပြီး ပန်းတိုင် ၁၅ သည် မြေပေါ်သက်ရှိလောက ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေးတို့ ပါဝင်ခြင်းကြောင့် မြေစီမံခန့်ခွဲမှုနှင့် အဓိကသက်ဆိုင်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်

ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့်အညီ ရေးဆွဲထားသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀ ခုနှစ်)၏ မဟာဗျူဟာ ရည်မှန်းချက် ၅ ရပ်၊ အပိုဒ်ခွဲ ၅ တွင် သဘာဝအရင်းအမြစ်များ၏ အကျိုးအမြတ်များကို ပြည်သူအားလုံး ရရှိခံစားရစေရေးအတွက် မြေယာစီမံခန့်ခွဲမှုနှင့် သယံဇာတအခြေပြုလုပ်ငန်းများ၏ ရေရှည်တည်တံ့သော စီမံခန့်ခွဲမှုတို့ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ချမှတ်ထားပြီးဖြစ်ကြောင်း၊ အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် ချမှတ်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အထောက်အကူပြုနိုင်ရန်အတွက် မြေများနှင့်ဆက်စပ်သည့် ကဏ္ဍအားလုံးတွင် ထည့်သွင်းပေါင်းစပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း။

နှစ်တို/နှစ်ရှည် စိုက်ပျိုးမြေများ၊ စက်ရုံအစုအဖွဲ့များ၊ စက်မှုဇုံများ၊ မြို့ရွာကွက်သစ်များ၊ လယ်ယာမြေနှင့် စိုက်ပျိုးမြေနေရာအသစ်များ၊ သောက်သုံးရေဖူလုံရေးအတွက် ရေဝေရေလဲနှင့် ရေထိန်းတောများ စသည်ဖြင့် မြေအသုံးချမှုအမျိုးမျိုးကို ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးအစီအစဉ်များနှင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံတော်၏ သယံဇာတ အရင်းအမြစ်များကို အကျိုးရှိဆုံးဖြစ်အောင် စနစ်တကျ အသုံးချကြရမည်ဖြစ်ကြောင်း။

အမျိုးသားမြေအသုံးချမှု မူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်နှင့် အခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ကောင်းမွန်သော မြေယာအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ်ဖြစ်ပေါ်လာစေရန် အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန် (၁၀)ရပ်အပေါ် ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများနှင့် နည်းပညာအကြံပေးအဖွဲ့၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ပြည်နယ်/ တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီများအနေဖြင့် ဦးစားပေးလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း။

လက်တွေ့အကောင်အထည်ဖော်

ထိုသို့ပေါင်းစပ်ဆောင်ရွက်သည့်အခါတွင် အမျိုးသားမြေအသုံးချမှု မူဝါဒ၏ ပင်မလမ်းညွှန် မူဘောင်အပေါ် အခြေခံပြီး အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်စေရေး၊ အမျိုးသားမြေအသုံးချမှုစီမံကိန်းများနှင့် မြေအသုံးချမှုဇုန်များ ရေးဆွဲသတ်မှတ်ရေးနှင့် မြေသတင်းအချက်အလက် စီမံခန့်ခွဲသည့် စနစ်တည်ထောင်ရေး စသည့်ဦးစားပေးလုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများနှင့် နည်းပညာအကြံပေးအဖွဲ့ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ပြည်နယ်/ တိုင်းဒေသကြီး မြေအသုံးချမှုကော်မတီများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြ

ယင်းနောက် မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် (OneMap Myanmar) ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ စိုက်ပျိုးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ ဥက္ကဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ အဖွဲ့ ခေါင်းဆောင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ပြန်လည်သုံးသပ်ဆွေးနွေး

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ အမျိုးသားမြေပုံစနစ် ရေးဆွဲရေးနှင့် မြေကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ စိုက်ပျိုးမြေများကို အခြားနည်းလမ်းဖြင့် အသုံးမပြုရေး၊ အမျိုးသားမြေ ဥပဒေတစ်ရပ် ပေါ်ပေါက်ရေး၊ အမျိုးသားမြေအသုံးချမှု မူဝါဒအကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် Institutions များဖွဲ့စည်းရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များတွင် မြေကို အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး ကိစ္စရပ်များအပြင် ဝန်ကြီးဌာနအလိုက် မြေအသုံးချမှုနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေး လုပ်ငန်းများ၊ ဆောင်ရွက်နေမှု အခြေအနေများနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြေစီမံခန့်ခွဲဆောင်ရွက်နေမှု အခြေအနေတို့ကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ်က ပြန်လည်သုံးသပ်ဆွေးနွေးသည်။

ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီ ဥက္ကဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။