ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တနင်္သာရီတိုင်းဒေသကြီးရှိ ပုလဲမွေးမြူရေးကျွန်းစခန်းများသို့ ကြည့်ရှုစစ်ဆေး၍ ကော့သောင်းမြို့ ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံ

နေပြည်တော်၊ ၁၄-၃-၂၀၂၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောနှင့် အမျိုးသားဥယျာဉ်များအား အချိန်မီဖွဲ့စည်းနိုင်ရေး အရှိန်အဟုန်ဖြင့်ကြိုးပမ်းဆောင်ရွက်သွားရန်၊ ကမ်းရိုးတန်းဒေသများတွင် ဒီရေတောစိုက်ခင်းများတည်ထောင်ခြင်းကို အထူးအလေးပေးဆောင်ရွက်ရန်နှင့် ဝန်ထမ်းများ မိသားစုစိတ်ဓာတ်ဖြင့် မိမိတို့ဆောင်ရွက်ရမည့် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြရန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့ရှိ နမ့်ခုံး ကနုကမာ အချောထည်လုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်းစခန်း၊ ပုလဲရတနာခန်းမသို့ရောက်ရှိရာ မြန့်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ပုလဲကျွန်း၏ လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြသည်။

ကြိုးပမ်းဆောင်ရွက်

တင်ပြချက်များနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးက အရည်အသွေး ကောင်းမွန်သော ရွှေရောင်၊ ငွေရောင်ပုလဲများ စဉ်ဆက်မပြတ်ရေရှည်ထုတ်လုပ်နိုင်ရေးအတွက် အစီအမံများဆောင်ရွက်ထားရှိပြီး ပိုမိုထုတ်လုပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့် မုတ်ကောင်များရရှိရေးအတွက် လုပ်ငန်းအဆင့်ဆင့်တွင် သုတေသနလုပ်ငန်းများဆောင်ရွက်ပြီး သုတေသနရလဒ်များအပေါ်အခြေခံ၍ လက်ရှိဆောင်ရွက်နေသော ပုလဲထုတ်လုပ်ခြင်းလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် မြန်မာ့ပုလဲသည် ကမ္ဘာ့အရည်အသွေး အကောင်းဆုံးထဲတွင် ပါဝင်သဖြင့် နိုင်ငံတကာဈေးကွက်တွင် ယခုထက်ပိုမို ထိုးဖောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး၊ ပုလဲကျွန်းစခန်းရှိ ပုလဲထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ်ရှိ လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်သို့  သွားရောက်ကြည့်ရှုစစ်ဆေးပြီး မကြုံဂလက် ဆလုံတိုင်းရင်းသားကျေးရွာတွင် ကျေးရွာသူ/ကျေးရွာ သားများနှင့် တွေ့ဆုံ၍ ဆန်၊ ဆီ၊ ပဲနှင့် ကျောင်းသုံးစာအုပ်များ ထောက်ပံ့ပေးအပ်ကာ ဒေသခံများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန် ပြောကြားသည်။

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်ရှိ ဂျလန်းကျွန်းပုလဲစခန်းနှင့် ငလုံးလဖယ်ကျွန်းပုလဲစခန်းသို့ သွားရောက်၍ မုတ်ကောင်သားဖောက်မွေးမြူခြင်း၊ ဝတ်ဆံသွင်းခြင်းနှင့် ပုလဲဖော်ယူခြင်းလုပ်ငန်းများကိုလည်းကောင်း၊  ရွှေကျွန်းပုလဲစခန်းနှင့် စိန့်လုခ်ကျွန်းပုလဲစခန်းများ၏ မွေးမြူရေး ရေပြင်တွင် Surface Long Line System ဖြင့် မုတ်ကောင်မွေးမြူထားမှုကို လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။