ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် မိုးရာသီတွင်စိုက်ပျိုးမည့် ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်၊ ၁၈-၄-၂၀၂၂

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး‌ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ်ရှိ ဒိုးကွင်းပျိုးဥယျာဉ်အတွင်း ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့် ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ရှင်းလင်းတင်ပြ

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိက ပြင်ဦးလွင်မြို့နယ်၏ ဒေသဆိုင်ရာ အချက်အလက်များ၊ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းထားရှိမှု၊ ၂၀၂၂ ခုနှစ် မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိမှု၊ ချယ်ရီမြို့တော် ဖြစ်စေရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်နှင့် ဆင်လမ်းဆည် ရေဝေရေလဲထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ မှာကြားသည်။

ပြင်ဦးလွင်မြို့နယ်ကို ချယ်ရီမြို့တော်ဖြစ်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီတွင် သဘာဝတောများ၌ ကွက်လပ်ဖြည့် စိုက်ပျိုးခြင်း၊ လမ်းဘေး ဝဲ/ယာ တစ်အုပ်တစ်မ/ အတန်းလိုက် စိုက်ပျိုးခြင်း၊ လူထုဖြန့် ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်းနှင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများ၌ စိုက်ပျိုးခြင်း စသည့် နည်းလမ်းလေးမျိုးဖြင့် ချယ်ရီပျိုးပင် ၄၃၇၇၅ ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။