ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အမှုထမ်းသင်တန်းသားအိပ်ဆောင် လူ(၁၀၀)ဆံ့(၂)ထပ် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အမှုထမ်းသင်တန်းသားအိပ်ဆောင် လူ(၁၀၀)ဆံ့(၂)ထပ် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သင်တန်းကျောင်း၊ အမှုထမ်းသင်တန်းသားအိပ်ဆောင် လူ(၁၀၀)ဆံ့(၂)ထပ် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မြို့ပတ်လမ်းရှိ သင်တန်းကျောင်းမြေနေရာတွင်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ကမ္ဗည်းမော်ကွန်းအား မွှေးနံသာရည်များဖြင့် ပက်ဖြန်းပေးသည်။ ထို့နောက် သင်တန်းသား အိပ်ဆောင်အား လှည်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါ သင်တန်းကျောင်းအား ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍပေါင်းစုံတွင် လုပ်ငန်းဆောင်ရွက်မည့်သူများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဘာသာရပ် ကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရေးအတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီသည် လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၃)ရှိ ၂၀၂၂ ခုနှစ်၊ လူထုလှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးမည့် မြေနေရာ (၆.၈)ဧက အား ကြည့်ရှုစစ်ဆေးရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အကွက်အလိုက်၊ လိုင်းအလိုက် ပန္နက်စိုက်ထူပြီးစီးမှုအခြေအနေ၊ ကွန်တိုကန်သင်းအလိုက် သရုပ်ပြစိုက်ပျိုးမည့် အစီအစဉ်၊ ကျောက်စီနုန်းထိန်းတမံ ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါ မြေနေရာတွင် အမြင့်(၂)ပေနှင့်အထက် သစ်တောပင်၊ အရိပ်ရပင်၊ ဝါးပင် စုစုပေါင်းအပင် (၃၆၇၂) ပင်အား လူထုလှုပ်ရှားမှုဖြင့် စိုက်ပျိုးသွားမည် ဖြစ်ပါသည်။