သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၏ ပြည်တွင်းခရီးစဉ်

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ မေလ ၇ ရက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၂ ခုနှစ် မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၈၇/၆) ရှိ ရဲနွယ်  (မြို့ချောင်း) အမြဲတမ်းပျိုးဥယျာဉ်သို့ သွားရောက်စစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပျိုးဥယျာဉ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ပျိုးဥယျာဉ်လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာန ညွှန်ကြားချက်များနှင့်အညီ ပြုစုပျိုးထောင်ရန်၊ သတ်မှတ်ပျိုးပင်အမျိုးအစား၊ အရေအတွက် ပြည့်မီရေးနှင့် ပျိုးပင်များအားလုံးရှင်သန်ရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများက ပျိုးဥယျာဉ်ကို ပုံမှန်စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအနေဖြင့် သစ်တောဥပဒေ၊ နည်းဥပဒေ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဌာနဆိုင်ရာညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊ကြို့ကုန်းသစ်တောဝန်းရှိ မြန်မာ့သစ်လုပ်ငန်းရုံးချုပ်သို့ရောက်ရှိရာ မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ဦးစောဂျွန်ရွှေဘ က မြန်မာ့သစ်လုပ်ငန်း၏နောက်ခံသမိုင်းများ၊  လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များကို အောင်မြင်အောင် စေတနာထား၍ စွမ်းအားပြည့်ဆောင်ရွက်ရန်၊ တန်ဖိုးမြှင့်သစ်ကုန်ချော ထုတ်ကုန်များ (Value-added Products) ကို တိုးမြှင့်ထုတ်လုပ်၍ နိုင်ငံတော်ဝင်ငွေ တိုးပွားရရှိအောင် စီမံချက်ချဆောင်ရွက်ရန်၊ ဘဏ္ဍာရေးနှစ်အလိုက် လျာထားရငွေများကို ပြည့်မီအောင်ဆောင်ရွက်ရန်၊ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ အလေးထားဆောင်ရွက်ရန်၊ ဝင်ငွေရရှိရေး ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေသော (Reduced Impact Logging – RIL) စနစ်ကို အသုံးပြုဆောင်ရွက်ရန်၊ ဆင်ထိန်းသိမ်းရေးအခြေပြုခရီးသွားလုပ်ငန်း တိုးချဲ့ဆောင်ရွက်ရန်၊ ထုတ်ပြန်ထားသောဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေးထားဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သစ်အခြေခံစက်မှုလုပ်ငန်းဌာန၊ အမှတ်(၁၀)ပရိဘောဂစက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ သစ်အခြေခံစက်မှုလုပ်ငန်းဌာန၊ အထွေထွေမန်နေဂျာနှင့် စက်ရုံမှူးတို့က ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက သစ်အခြေခံ အရည်အသွေးမြင့် ပရိဘောဂထုတ်လုပ်ရန် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရန်၊ အရည်အသွေးမြင့်ပရိဘောဂများ ထုတ်လုပ်ရောင်းချမှုကို  လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်ရန်၊ မီးဘေးလုံခြုံရေးကို မီးသတ်ဦးစီးဌာနညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် အလုပ်သမားများ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းမှုရှိရေးအတွက် အလုပ်သမားဦးစီးဌာန ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး စက်ရုံကုန်ထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်္ကန်းကျွန်းမြို့နယ်ရှိ အမှတ်(၄) ပရိဘောဂစက်ရုံသို့ရောက်ရှိရာ သစ်အခြေခံစက်မှုလုပ်ငန်းဌာန၊ အထွေထွေမန်နေဂျာက ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက သစ်အခြေခံအရည်အသွေးမြင့် ပရိဘောဂများ ထုတ်လုပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။