ဒုတိယဝန်ကြီး ဦးထွန်းအုံ သစ်အခြေခံစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မြန်မာ့သစ်လုပ်ငန်းအောက်ရှိ စက်ရုံများကို ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ မေလ ၈ ရက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၂ ခုနှစ် မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ မြန်မာ့သစ်လုပ်ငန်း၊ ဝါးတရာသစ်အခြေခံစက်မှုဇုန်နယ်မြေသို့  သွားရောက်စစ်ဆေးရာ စီမံကိန်းနှင့်စာရင်းအင်းဌာနမှ အထွေထွေမန်နေဂျာ-ဦးညီညီထွန်းက လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သစ်အခြေခံစက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဇုန်စီမံခန့်ခွဲရေးကော်မတီ၏ ထိရောက်သော စီမံကြီးကြပ်မှုဖြင့်ဆောင်ရွက်ရန်၊ သတ်မှတ်ရည်မှန်းချက်များ ပြည့်မီအောင် အကောင် အထည်ဖော်ဆောင်ရွက်ရေးတို့ကို အသေးစိတ်မှာကြားပါသည်။

ဆက်လက်၍ ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာနမှ အထွေထွေမန်နေဂျာ-ဦးလွင်ဦးမောင်က သစ်စက်၊ သစ်ဆိပ်များနှင့် သစ်လုံးတင်ဒါရောင်းချမှု လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာတွင် ဒုတိယဝန်ကြီးက အိတ်ဖွင့်တင်ဒါရောင်းချခြင်းကို နိုင်ငံတော်မူဝါဒနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

ထို့နောက် သစ်အခြေခံစက်မှုလုပ်ငန်းဌာန၊ အထွေထွေမန်နေဂျာ-ဦးဝင်းနိုင်က ဝါးတရာသစ်အခြေခံစက်မှုဇုန်ရှိ သစ်အခြေခံစက်ရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးအတွက် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များအား အလေးထားလိုက်နာဆောင်ရွက်ရန်၊ ဝင်ငွေလျာထားချက် ပြည့်မီကျော်လွန်အောင် စွမ်းဆောင်ရန်၊ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ တင်ဒါစည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရန်၊ နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အားလျော်စွာ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို အလေးအနက်ထားလိုက်နာရန်၊ သစ်တောဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သစ်အခြေခံစက်မှုလုပ်ငန်းဌာနရှိ အမှတ်(၂)သစ်ပါးလွှာစက်ရုံ၊ အမှတ် (၃) သစ်ပါးလွှာစက်ရုံ၊ သစ်အခြေခံစက်ရုံများမှထွက်ရှိသည့် ဘေးထွက်ပစ္စည်းများမှတဆင့် လောင်စာတောင့် (Wood Pellet) စမ်းသပ်ထုတ်လုပ်နေမှု၊ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနရှိ အမှတ်(၄)သစ်စက်နှင့် အမှတ်(၆)သစ်စက်တို့ကိုသွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်၊ မင်းဓမ္မကုန်းတော်ရှိ ရတနာဆင်ဖြူတော်ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ် (ရန်ကုန်) သို့ ရောက်ရှိရာ သစ်ထုတ်ရေးဌာန၊ လက်ထောက်အထွေထွေမန်နေဂျာ(ဆင်ဆေးကု)က ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရတနာဆင်ဖြူတော်များ၏ လုံခြုံရေး၊ ကျန်းမာရေး၊ ကျွေးမွေးစောင့်ရှောက်ရေး၊ ထိန်းသိမ်းရေးကို အထူးဂရုပြုဆောင်ရွက်ရန်၊ အများပြည်သူများ ဝင်ရောက်ကြည့်ရှုနိုင်ရေးတို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အထွေထွေမန်နေဂျာ (သစ်ထုတ်ရေး)ဦးသန်းစိုးဦးက သစ်ထုတ်ရေးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အထွေထွေမန်နေဂျာ(အင်ဂျင်နီယာ)-ဦးမိုးအောင်က အင်ဂျင်နီယာဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကို ဆက်လက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဆင်ဝိုင်းများရှိ နိုင်ငံပိုင်ဆင်ရတနာများ လုပ်ငန်းခွင်စွမ်းအားပြည့် တာဝန်ထမ်းဆောင်နိုင်ရေး၊ ဆင်ရတနာများတိုးပွားရေးကို ဆောင်ရွက်ရန်နှင့် ဌာနပိုင်ယန္တရားများ ကြံ့ခိုင်ရေး၊ စွမ်းအားပြည့် အသုံးပြုနိုင်ရေးတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် လုပ်ငန်းခွင်သင်တန်းများစီစဉ်သည့်အပြင် ပြည်ပသို့ပညာသင်စေလွှတ်ရေးများ စီစဉ်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ ကြို့ကုန်းသစ်ဆိပ်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။